KNPP တပ်သားအသတ်ခံရသည့်ကိစ္စ ဦးဆောင်ဆန္ဒပြသူ ၅ ဦးကို လာမည့်ရုံးချိန်းတွင် အမိန့်ချဖွယ်ရှိ

KNPP တပ်သားအသတ်ခံရသည့်ကိစ္စ ဦးဆောင်ဆန္ဒပြသူ ၅ ဦးကို လာမည့်ရုံးချိန်းတွင် အမိန့်ချဖွယ်ရှိ
ဓာတ်ပုံ - ကိုဒီးဒီ

 

ရန်ကုန်၊ ဇန်နဝါရီ ၉ ။                 ။ ကရင်နီအမျိုးသားတိုးတတ်ရေးပါတီ (KNPP) တပ်သား အသတ်ခံရသည့်ကိစ္စနှင့် ပက်သက်ပြီး ဦးဆောင်ဆန္ဒပြခဲ့သည့်အတွက် တရားစွဲဆိုခံထားရသူ သမဂ္ဂအဖွဲ့ဝင် ၅ ဦးကို လာမည့် ဇန်နဝါရီ ၁၀ ရက်နေ့ရုံးချိန်းတွင်အမိန့်ချမှတ်သွားဖွယ်ရှိနေသည်ဟု တရားခွင့်ကိုသွားရောက်ခဲ့သည့် ကယားပြည်နယ် အခြေစိုက် အရပ်ဘက်အဖွဲ့ တစ်ခုဖြစ်သည့် LAIN နည်းပညာအထောက်အကူပြု အဖွဲ့ ဒါရိုက်တာ ကိုကျော်ထင်အောင် ကပြောသည်။

ကရင်နီပြည်လူငယ်များသမဂ္ဂနှင့် ကရင်နီတောင်သူလယ်သမား သမဂ္ဂအဖွဲ့ဝင် လူငယ် ၅ ဦးအား ၂ ရက်ကြိုတင် အကြောင်းမကြားဘဲ တရားမဝင် ဆန္ဒထုတ်ဖော်သည် ဟုဆိုကာ လွိုင်ကော်မြို့မရဲစခန်းမှ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခြင်း ဆိုင်ရာဥပဒေ ပုဒ်မ ၁၉ တရားစွဲဆိုထားခြင်းဖြစ်သည်။

“ ၁၀ ရက်နေ့ရုံးချိန်းကို မနေ့က ပြန်ပြီးတော့ ချိန်းထားတယ်။ သက်သေကို ၆ ယောက်စာရင်းပေးထားတဲ့နေရာမှာ ၂ ယောက်ပြီးတယ်ပေါ့။ အဲ့တာဆိုတော့ တကယ်လို့ မနက်ဖြန် ၄ ယောက်စစ်ပြီးတယ်ဆိုရင်တော့ လူငယ် ၅ ဦးအပေါ်မှာမေးမြန်းပြောဆိုပြီးရင်တော့ အမိန့်ချတဲ့ဖြစ်စဉ်က လည်းဖြစ်သွားနိုင် ပါတယ်ဗျ “  ဟု ကိုကျော်ထင်အောင် ကပြောသည်။

အဆိုပါ လူငယ် ၅ ဦးဘက်မှ ရှေ့နေငှားထားခြင်းမရှိသေးသည့်အပြင် အုပ်ချုပ်ရေးမှူးများကို လိုပြသက်သေအဖြစ် ထည့်သွင်းထားသည့် အမှုမှာ ရိုးရှင်းသောကြောင့် ဇန်နဝါရီ ၁၀ ရက်လာမည့် ရုံးချိန်းတွင် အမိန့်ချဖွယ်ရှိနေခြင်းဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

ကိုမျိုးလှိုင်ဝင်း၊ ခွန်းဂျွန် ပေါလ်၊ ခွန်းရဲမင်းကျော်၊ ခွန်းဘိုဘိုနှင့် ကိုဒီးဒီ တို့ ၅ဦးသည် တရားသူကြီးထိုးခိုင်းခဲ့သည့် ခံဝန်ဂတိနှင့် အာမခံအားပယ်ကာ ဇန်နဝါရီ ၆ ရက်တွင် ထိန်းသိမ်းခံခဲ့ခြင်းလည်းဖြစ်ပြီး ဇန်နဝါရီ ၈ ရက်တွင် ၄င်းတို့ကို ဒုတိယအကြိမ်အဖြစ်ရုံထုတ်စစ်ဆေးခဲ့သည်။

အဆိုပါ ပုဒ်မ ၁၉ သည် ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက  ၃ လထက် မပိုသော ထောင်ဒဏ် သို့မဟုတ် ၃ သောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံနိုင်သောပြစ်မှုလည်းဖြစ်သည်။

ဆန္ဒဖော်ထုတ်ခဲ့သည့် လူငယ် ၅ ဦး တရားစွဲဆိုခံခဲ့ရသည့်ကိစ္စနှင့် ပက်သက်ပြီး ဒေသခံ ၁၀၀၀ ကျော် သည် ဇန်နဝါရီ ၅ ရက်  တွင် လွိုင်ကော်မြို့တစ်ဝိုက် လှည့်လည် ဆန္ဒပြခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags