ဒီဇင်ဘာ ၂၈ ။ ။ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးထံသို့ ထောက်ပံ့ငွေ ပေးအပ်မှု လာမယ့်နှစ်မှာ အမေရိကန်ဒေါ်လာ ၂၈၅ သန်းလျှော့ချသွားမှာဖြစ်ကြောင်း အမေရိကန် အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက ဂျေရုဆလင်ကို အစ္စရေးနိုင်ငံရဲ့ မြို့တော်အဖြစ် သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်တဲ့ အစိုးရက အသိအမှတ်ပြုကြောင်း ကြေညာခဲ့ရာကနေစပြီး ကုလနဲ့အကြား သဘောထားကွဲလွဲမှုတွေ ပေါ်ပေါက်ခဲ့ပြီး ယခုလို ကုလထံကို ထောက်ပံ့ငွေ လျှော့ချမယ့် ကိစ္စ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ၂၀၁၈-၁၉ ဘက်ဂျက်အသုံးစရိတ်ပိုင်းမှာ ဒေါ်လာ ၂၈၅ သန်းကျော်အထိ လျှော့ချသွားတော့မှာ ဖြစ်တယ်ဆိုပြီး ကုလဆိုင်ရာ အမေရိကန် သံအရာရှိက အတည်ပြု ပြောပါတယ်။
ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ စီမံခန့်ခွဲမှုပိုင်းနဲ့ လုပ်ငန်းဆောင်တာတွေကို ယခုထက် ပိုမို ထိရောက်ကောင်းမွန်စေဖို့အတွက် ယခုလို ဘက်ဂျက်ဖြတ်တောက်မှုတွေ လုပ်ရတာဖြစ်ကြောင်း အမေရိကန် သံအရာရှိက ပြောပါတယ်။
“ဒီအဖွဲ့ကြီးထဲမှာ အသုံးစရိတ်တွေ ပိုသုံးတာ၊ ထိရောက်မှု မရှိတာတွေ ရှိတာတွေကို လူတိုင်းသိနေကြပါတယ်၊ ဒီလိုအချိန်မှာ အမေရိကန်ပြည်သူတွေရဲ့ ရက်ရောမှုက အသုံးချခံ မဖြစ်သင့်ပါဘူး” လို့ ကုလ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley က ပြောသွားပါတယ်။
ယခုအခါ ၂၀၁၈-၁၉ အတွက် ဘက်ဂျက်အသုံးစရိတ် ဒေါ်လာ ၅ ဒသမ ၃၉၆ ဘီလီယံဆိုပြီး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ သတ်မှတ်သဘောတူခဲ့ပြီ ဖြစ်ပါတယ်။ ယင်းပမာဏဟာ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် တောင်းခံထားခဲ့တဲ့ ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံထက်စာရင် အနည်းငယ် လျော့နည်းသွားခဲ့ပြီလည်း ဖြစ်ပါတယ်။
ယခုလက်ရှိအချိန်ထိတော့ ကုလအဖွဲ့ ဘက်ဂျက်အသုံးစရိတ်အတွက် အမေရိကန်က အများဆုံး ထည့်ဝင်သူအဖြစ် ရှိနေဆဲ ဖြစ်ပြီး စုစုပေါင်း ဘက်ဂျက်ပမာဏရဲ့ ၂၂ ရာခိုင်နှုန်းကို တာဝန်ယူထောက်ပံ့ပေးနေလျက်ရှိပါတယ်။