ပါကစ္စတန်က သေဒဏ်ချမှတ်ထားသည့် အိန္ဒိယသူလျှိုကို ပထမဆုံးအဖြစ် မိသားစုနှင့် တွေ့ခွင့်ပေး

ပါကစ္စတန်က သေဒဏ်ချမှတ်ထားသည့် အိန္ဒိယသူလျှိုကို ပထမဆုံးအဖြစ် မိသားစုနှင့် တွေ့ခွင့်ပေး

 

အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၂၆ ။           ။ ပါကစ္စတန်နိုင်ငံက သူလျှိုလုပ်မှုဖြင့် သေဒဏ်ပေးထားသော အိန္ဒိယနို်င်ငံသားကို ဖမ်းဆီးပြီးချိန်မှစကာ ပထမဆုံးအဖြစ် အစ္စလာမ်မာဘတ်တွင် လုံခြံုရေးတင်းကျပ်စွာချပြီး မိသားစုနှင့် ပထမဆုံးအကြိမ် တွေ့ခွင့် ပေးသည်။

အပြာရောင် ဂျက်ကက်ကို ဝတ်ဆင်လျက် ကူလ်ဘူဆန်ဆူဒဟားသည် ပါကစ္စတန်မြို့တော်ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးတွင် ဇနီးဖြစ်သူနှင့် မိခင်ဖြစ်သူတို့နှင့် မှန်နံရံခြားကာ စကားပြောဆို တွေ့ခွင့်ပေးသည့် ဓာတ်ပုံကို ယင်းဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်သည့် ဓာတ်ပုံမှာ အရည်အသွေး ညံ့ဖျင်းရာ ဆူဒဟားက ကောင်းကောင်းမွန်မွန် ရှိမရှိ အကဲဖြတ်ရန် ခက်ခဲသော်လည်း ၎င်းမှာ ထိုင်လျက်နေနိုင်ပြီး ကျန်းမာပုံလည်း ရကြောင်း ခန့်မှန်းရသည်။

ဆူဒဟားက ကျန်းမာရေးကောင်းမွန်သည်ဟု ပါကစ္စတန်တာဝန်ရှိသူများဖက်ကတော့ ထုတ်ပြန်ထားသည်။

ထိုသို့ တွေ့ဆုံချင်း မပြုရသေးမီ ဆူဒဟားက “ကြီးကျယ်တဲ့ အပြုအမူ”အတွက် ပါကစ္စတန်ကို ကျေးဇူးတင်ကြောင်း ပြောဆိုထားသည့် ဗီဒီယိုတစ်ရပ်ကို ပါကစ္စတန် အာဏာပိုင်များ ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း အဆိုပါ ဗီဒီယိုမှာ ဆူဒဟားအား ခြိမ်းခြောက်ကာ ပြောဆိုခိုင်းခြင်း ဖြစ်မဖြစ်က မကျိန်းသေပေ။

ယခု မိသားစုနှင့် တွေ့ဆုံမှုမှာ အချိန်အားဖြင့် မိနစ်လေးဆယ်နီးပါး ကြာကြောင်း နို်င်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရသူတစ်ဦးက ဆိုသည်။

ဆူဒဟားသည် ပြီးခဲ့သည့်နှစ်အတွင်းက ဘာလိုချီစတန်တွင် ဖမ်းဆီးခံရပြီးနောက် ယခုအကြိမ်သည် ပထမဆုံး မိသားစုနှင့် တွေ့ခွင့်ရခြင်းပဲ ဖြစ်သည်။

ယခု တွေ့ဆုံမှုသို့ အိန္ဒိယသံအမတ်တစ်ဦးပါ တက်ရောက်ခွင့် ပြုထားသော်လည်း ဆူဒဟားနှင့် စကားပြောဆိုခြင်း၊ နားထောင်ခြင်းကိုမူ ခွင့်မပြုထားကြောင်း ယင်းပြောခွင့်ရသူက ဆိုသည်။

ဆူဒဟားသည် အိန္ဒိယထောက်လှမ်းရေးအတွက် သူလျှိုလုပ်ဆောင်ပေးနေသည်ကို ဝန်ခံထားပြီးကြောင်း ပါကစ္စတန်တာဝန်ရှိသူများက ဆိုသည်။ ဆူဒဟားသည် “ပါကစ္စတန်အတွင်း အိန္ဒိယ၏ အကြမ်းဖက်ဝါဒ ပုံပန်းသဏ္ဍာန်”ဟူ၍ မီဒီယာများသို့ ဒီဇင်ဘာ ၂၅ ရက်က ရည်ညွန်းထုတ်ဖော်ခဲ့သည်။

စစ်ခုံရုံးတွင် ဆူဒဟားအား တံခါးပိတ်ကြားနာကာ သေမိန့်အပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယဖက်က နိုင်ငံတကာ တရားမျှတမှု ခုံရုံးသို့ ၎င်းအမှုကို တင်ကာ ကြားဝင်နိုင်ရေး ကြိုးစားလျက်ရှိသည်။ အဆိုပါ ခုံရုံးက အမှုတွင် နောက်ဆုံးစီရင်ချက် မချရသေးမီအထိ သေဒဏ်ကို ဆိုင်းငံ့ထားရန် ပါကစ္စတန်အား အမိန့်ချမှတ်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags