ဒီဇင်ဘာ ၂၆ ။ ။ မောင်တောဒေသ ဖွံ့ဖြိုးရေးအတွက် အရေးပါသော မေယုတောင်တန်းကို ဖြတ်ပြီး လမ်းနှစ်လမ်း ဖောက်လုပ်မှု လုပ်ငန်းများကို လာမည့် မေလ မိုးလယ်ကာလ မတိုင်ခင် ပြီးစီးမည်ဟု မျှော်မှန်းထားကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်အရ သိရသည်။
ဇာဒိပြင်- အင်ဒင်း- ကျောက်ပန္တု လမ်းနှင့် မေယုတောင်လမ်းတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှ ဦးစီး ဖောက်လုပ်နေခြင်း ဖြစ်သည်။
" ကျွန်တော်တို့ ဒီ ပွင့်လင်းရာသီအတွင်း မေယုတောင် လမ်းပိုင်းလေးလမ်းအနက် နှစ်လမ်းကို အပြီး ဖောက် လုပ်သွားမှာ ဖြစ်ပါတယ်၊ ပထမတစ်လမ်းကတော့ ဇာဒိပြင်- အင်းဒင်- ကျောက်ပန္တု လမ်း ဖြစ်ပြီး ဒုတိယ တစ်လမ်းကတော့ ကြိမ်ချောင်း- ဂုပ္ပိ လမ်းဖြစ်ပါတယ်။ ဒီလမ်းတွေ ဖောက်လုပ်တာက မောင်တောဒေသ ဖွံ့ဖြိုးရေးကို ထောက်ကူပေးနိုင်မှာပါ" ဟု လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအုန်းလွင်က ပြောဆိုထား ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ပေးပို့သော ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ဇာဒိပြင်- အင်ဒင်း- ကျောက်ပန္တု လမ်းသည် ရသေ့တောင်မြို့ရှိ ဇာဒိပြင်နှင့် မောင်တောမြို့ရှိ ကျောက်ပန္တုတို့ကို ချိတ်ဆက်ထားသော လမ်းဖြစ်ပြီး အရှည် ၁၀ မိုင် ရ ဖာလုံ ရှိကာ ၃၄ ပေ အကျယ်မြေသားလမ်းပေါ်တွင် အထူ ၈ လက်မ ကျောက်စရစ် ခင်းမည် ဖြစ်သည်။ ထို့နောက် အကျယ် ၁၈ ပေ ကွန်ကရစ်လမ်းကို ထပ်ခင်းမည် ဖြစ်ပြီး ယင်းလမ်းပိုင်းတစ်လျှောက် တံတားစုစုပေါင်း ရ၅ ခုလည်း တည်ဆောက်သွားရန် လျာထားကြောင်း သိရသည်။
မေယုတောင်လမ်းမှာ ကြိမ်ချောင်း-ဂုပ္ပိ လမ်းဖြစ်ပြီး အရှည် ၁၅ မိုင်၊ အရွယ်စုံ တံတားအစင်း ၅၂ စင်းထိ ပါ၀င်မည် ဖြစ်သည်။
အဆိုပါ ၂ လမ်းသည် မေယုတောင် အရှေ့ခြမ်းနှင့် အနောက်ခြမ်းဒေသများကို ချိတ်ဆက်ပေးနိုင်မည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်မှုနဲ့ သယ်ယူပို့ဆောင်ရေး ပိုမိုတိုးတက်မှာ ဖြစ်တဲ့အတွက် ဒေသဖွံ့ဖြိုးရေး၊ လုံခြံုရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အထောက်အကူပြုနိုင်ရန် အစိုးရမှ ရည်မှန်းထားကြောင်း သိရသည်။
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များအပြီး ဒေသတည်ငြိမ်ရေးအတွက် အစိုးရမှ လုပ်ဆောင်နေပြီး ကညင်ချောင်း စီးပွားရေးဇုန် အကောင်အထည်ဖော်ရေးအပြင် အဆိုပါ လမ်း ၂ လမ်းဖောက်မှုကိုပါ အဓိကထား ဆောင်ရွက်နေခြင်း ဖြစ်သည်။