မူဆယ်တွင် လက်နက်ကြီးထိမှန်သည့်ကလေးငယ် ခြေထောက်ဖြတ်ရပြီး ဆေးကုသနေဆဲဖြစ်

မူဆယ်တွင် လက်နက်ကြီးထိမှန်သည့်ကလေးငယ် ခြေထောက်ဖြတ်ရပြီး ဆေးကုသနေဆဲဖြစ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ။            ။ မူဆယ်မြို့နယ်၊ မိုင်းယုကျေးရွာအနီး လက်နက်ကြီးကျသောကြောင့် ခါးအောက်ပိုင်းဒဏ်ရာရရှိကာ တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင်ဆေးကုသနေသော ကလေးငယ်မှာ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရပြီး လူကြီးတစ်ဦးမှာ ဆေးကုသနေရဆဲဖြစ်သည်ဟု မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး၊ ဒုခရိုင်ထွေအုပ် ဦးစန်းလှိုင်က ပြောဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက် ညပိုင်းတွင် မူဆယ် ၁၀၅ မိုင်အနီး  မိုင်းယုကျေးရွာတွင်  လက်နက်ကြီး ကျရောက်သောကြောင့် မောင်စိုင်းရင်စန်း(၁၂) နှစ် (ဘ) ဦးစိုင်းသာသက် လက်နက်ကြီးအစထိမှန် ဒဏ်ရာ များဖြင့် နေရာတွင် သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

“ ဒဏ်ရာရတဲ့အခြေအနေကတော့ ကလေးလေးက ခြေထောက်ဖြတ်လိုက်ရတယ်လို့သိရတယ်။ ကလေးလေး တစ်ယောက်ကတော့ ဆုံးသွားတာပေါ့နော်။ လူကြီးကတော့ ဆေးကုနေတုန်းပဲရှိသေးတယ်။ မူဆယ်ခရိုင်မှာ ရှိတဲ့ဒေသခံတွေက ရွှေလီပဲ သွားတာများတယ်” ဟု ဒုခရိုင်ထွေအုပ် ဦးစန်းလှိုင်ကပြောသည်။

အဆိုပါလက်နက်ကြီးမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် သွားလာလျက်ရှိသည့် မော်တော်ယာဉ် များအား KIA/TNLA ပူးပေါင်းအဖွဲ့မှ ပစ်ခတ်ခြင်းဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ထားသည်။

 အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တအာဝ်း/ ပလောင်အဖွဲ့( TNLA) မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးတာအိုက်ကျော်က မိုင်းယုကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးမှာ ၄င်းအဖွဲ့မှ ပစ်ခတ်ခြင်းမဟုတ်ကြောင်း ပြောသည်။

အလားတူ ဒီဇင်ဘာ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင်လည်း KIA/TNLA ပူးပေါင်းအဖွဲ့မှ လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ မူဆယ်မြို့နယ်၊ နမ့်ဖက်ကာ ကျေးရွာအနီးတစ်ဝိုက်၊ နမ့်ခိုင်တံတား နေရာတို့အား လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခဲ့သည်ဟု တပ်မတော်မှ ထုတ်ပြန်သည်။

အဆိုပါ ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးအစများ ထိမှန်ကာ အထက်တုန်ခန်ရွာမှ နွား ၁ ကောင် သေဆုံး၍ ၁၆ ကောင် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ နယ်၊ မိုင်းယုကျေးရွာအနီး (၁ဝ၅)မိုင် ကုန်သွယ်ရေးဇုန် အဝင် တိုးဂိတ်နှင့် ယာဉ်စစ်ဆေးရေး ဂိတ်ကြား ချုံအတွင်း မိုင်းတစ်လုံးတွေ့ရှိထားကြောင်းလည်း တပ်မတော်၏ ထုတ်ပြန်ချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly