ပခုက္ကူ ၊ဒီဇင်ဘာ ၂၅ ။ ။ ပခုက္ကူဒေသ၏ အဓိက လယ်ယာထွက်ကုန်သီးနှံတစ်ခုဖြစ်သော ပဲစဉ်းငုံသည် ယခုနှစ်တွင် အထွက်နည်း၍ စျေးကောင်းရရန် မျှော်လင့်နေကြောင်း တောင်သူများထံမှ သိရသည်။
ယခုနှစ် ပဲပင်များပန်းပွင့်ချိန်တွင် မိုးရွာသွန်းသဖြင့် အပွင့်များကြွေကြောင်း၊ အဖိုပင်များတော့ ယခင် တင်း ၃၀ခန့် ရသူသည် ၁၀ တင်းခန့်သာ ရရှိကြောင်း ဖောင်းကွဲကျေးရွာနေ တောင်သူ ဦးဝင်းညွန့်က ပြောသည်။
ထို့ကြောင့် ယခုနှစ်တွင် ပဲစဉ်းငုံ အထွက်နည်း၍ စျေးကောင်းရရန် ပခုက္ကူဒေသခံတောင်သူများက မျှော်လင့် နေကြခြင်း ဖြစ်သည်။
သို့ရာတွင် ပခုက္ကူဒေသထွက် ပဲမာ ခေါ် ပဲစဉ်းငုံသည် ပြည်ပပို့ကုန်စာရင်းဝင်ပြီး အိန္ဒိယသို့ အဓိကတင်ပို့ခဲ့ပြီး ပြည်ပပို့ကုန် သီးနှံဖြစ်သဖြင့် အထွက်နည်းလျှင် စျေးကောင်းရလေ့ရှိသော်လည်း ယခုနှစ်တွင် ပဲစဉ်းငုံဝယ်လက် အိန္ဒိယနိုင်ငံ မှ မဝယ်တော့သဖြင့် တောင်သူများ အခက်အခဲဖြစ်နေရသည် ဟု ဆိုသည်။
တောင်သူများသည် ပဲစဉ်းငုံစျေးမကောင်းသော်လည်း မြေယာမပြုတ်ရေးအတွက် အလုပ်သမားခ အပါအဝင် အရှုံးခံ လုပ်နေရကြောင်း ဒေသခံတောင်သူ ဦးကိုဦးက ပြောသည်။
ဒီဇင်ဘာ ၂၃ရက်ပခုက္ကူ မြို့နယ် ကုန်သည်ပွဲစားအသင်းထုတ်ပြန်ချက်အရ ပဲစဉ်းငုံနီ အသစ်ပိသာ (၂၀) ၁ တင်း လျှင် ၁၄၇၀၀ ကျပ်နှင့် ပဲစဉ်းငုံနီအဟောင်းပိသာ (၂၀)၊ ၁တင်းလျှင် ၁၃၃၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။
ပခုက္ကူဒေသကဲ့သို့ စိုက်ပျိုးရန်သီးနှံရွှေးချယ်စရာ ရှားပါးသည့် ဒေသအတွက် ၀င်ငွေရသီးနှံ ပဲစဉ်းငုံ ပြည်ပစျေးကွက် ပျောက်ဆုံးခြင်းသည် အဓိကအခက်အခဲဖြစ်ကြောင်း သိရသည်။