ခရစ်စမတ်ကာလအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးဇလထုတ်ပြန်

ခရစ်စမတ်ကာလအတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးဇလထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ။            ။ တောင်တရုတ်ပင်လယ်ပြင်အတွင်း ဖြစ်ပေါ်နေသည့် တိုင်ဖွန်းမုန်တိုင်း "တမ်ဘင်" ကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ခြောက်ခုတွင် မိုးရွာသွန်းနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီဇင်ဘာ ၂၄ ရက်နေ့ နေ့လည် ၂ နာရီတွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုင်ဖွန်းမုန်တိုင်း "တမ်ဘင်" သည် ဗီယက်နမ်ကမ်းခြေကို ဒီဇင်ဘာ ၂၆ ရက်နေ့ တွင် ဖြတ်ကျော်ဝင်ရောက်မည် ဖြစ်ပြီး လေပွေလှိုင်းများအဖြစ် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထချက်အရ သိရသည်။

ယင်းလေပွေလှိုင်းများ၏ အရှိန်ကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်ဟု မိုးဇလမှ ခန့်မှန်းထားသည်။

ယင်းအတွက်ကြောင့် အချိန်အခါမဟုတ် မိုးရွာခြင်း၊ မိုးထစ်ချုန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများအား ကြိုတင်သတိပြုနိုင်ရန် သတင်းထုတ်ပြန်ထားသည်။

မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က "တောင်တရုတ်ပင်လယ်ပြင်အတွင်းမှ တိုင်ဖွန်း TEMBIN ဟာ အနောက်ဖက်ဗီယက်နမ်ကမ်းခြေကိုချဉ်းကပ်လာရင်း အင်ဒိုချိုင်းနားကျွန်းဆွယ်အတွင်းသို့ တရုတ်ပြည်မကြီးဖက်မှ ထိုးဆင်းလာတဲ့လေအေးများနဲ့ထိတွေ့မိပြီး အားလျော့ကျလာခါ လေဖိအားနည်းရပ်ဝန်းအဖြစ်နဲ့ ထိုင်းပင်လယ်ကွေ့ အတွင်း ၀င်ရောက်လာမယ်လို့ ခန့်မှန်းရပါတယ်" ဟု သုံးသပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly