ဖားကန့်တွင် သေနတ်ဖြင့် ပစ်သတ်ခံရမှု အမှုမှန်ဖော်ထုတ်ပေးရန် တောင်းဆို

ဖားကန့်တွင် သေနတ်ဖြင့် ပစ်သတ်ခံရမှု အမှုမှန်ဖော်ထုတ်ပေးရန် တောင်းဆို

ဒီဇင်ဘာ ၂၃ ။             ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှိကထောင်ရပ်ကွက်၊ ဘေလီတံတားထိပ်ရှိ ဖားကန့်ရတနာကားဂိတ်သို့ လက်နက်ကိုင်လူတစ်စု  လက်မှတ်ဝယ်ဟန်ဆောင်၍ ဂိတ်ပိုင်ရှင် ဦးခင်စိုးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှုကို အမှုမှန်ဖော်ထုတ်ပေးရန်အတွက် မိသားစုဝင်များမှ မန္တလေးမြို့၊ မီဒီယာစင်တာတွင် ဒီဇင်ဘာလ ၂၃ ရက်၊မွန်းလွဲ ၁ နာရီ၊၃၀မိနစ်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ တောင်းဆိုလိုက်သည်။

အခင်းဖြစ်ပွားရာတွင် အတူရှိနေသည့် သေဆုံးသူ၏ သမီးဖြစ်သူ မယုနန္ဒာက"လုပ်သွားတဲ့ တရားခံကို ပေါ်စေချင်တယ်။ အမြန်ဆုံးဖော်ထုတ်ပေးစေချင်တယ်။ ကျွန်တော့်အဖေက ဖားကန့်ဒေသဖွံ့ဖြိုးရေးအတွက် ပရဟိတ လုပ်နေတဲ့သူပါ။ အားလုံးမေးကြည့်လို့ရပါတယ်။ ဘာပြဿ နာမှမရှိခဲ့ပါဘူး။ ဘာကြောင့်သတ်တယ်ဆိုတာလည်း သိချင်ပါတယ်"ဟု သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

ဆက်လက်၍ ၎င်းက "အဖေနဲ့ကျွန်တော်က ဂိတ်မှာထိုင်နေတယ်။ နေ့လည် ၁၂ နာရီ လောက်မှာ ဆိုင်ကယ်နှစ်စီးနဲ့လူလေးယောက်ရောက်လာတယ်။ နှစ်ယောက်က ဆင်းလာပြီး လက်မှတ်ဝယ်ချင်လို့ဆိုပြီးမေးတယ်။ အဲဒီလိုမေးပြီး ကျောပိုးအိတ်ထဲကနေ ပိုက်ဆံထုတ်တာလိုလိုနဲ့ သေနတ်ထုတ်ပြီး ပစ်သွားတာပါ"ဟုပြောသည်။

သေဆုံးသူ၏ညီဖြစ်သူ ဦးအောင်ဌေးက"ဒီလိုုဖြစ်စဉ်တွေက ဖားကန့်မှာဖြစ်နေတယ်။ တရားခံမိတယ်ဆိုတာမရှိဘူး။ သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ တရားခံဖော်ထုတ်ပေးစေချင်တယ်"ဟုပြောသည်။

ရှမ်းပြည်မြောက်ပိုင်း၊ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းစန်းဝေက"ဖားကန့်မှာ အသတ်ခံနေရတာ ရှမ်းလူမျိုးတွေပဲဖြစ်နေတယ်။ ဖြစ်စဉ်တွေက အတူတူပဲ။ ဒါကိုပဲ တရားခံကမပေါ်ဘူးဖြစ်နေတယ်။ ကျွန်တော်တို့အနေနဲ့ တရားခံဖော်ထုတ်ပေးဖို့ အစိုးရဖွဲ့ထံလည်းတောင်းဆိုသွားပါမယ်"ဟုပြောသည်။

ဖားကန့်မြို့တွင် ၂၀၁၅ခုနှစ်၊အောက်တိုဘာလ ၅ရက်မှ ၂၀၁၇ ဒီဇင်ဘာလ ၁၉ ရက်အထိ ရှမ်းလူမျိုး ၈ ဦးအသတ်ခံခဲ့ရသည်ဟုရှမ်းပြည်မြောက်ပိုင်း၊ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းစန်းဝေကပြောသည်။

သေဆုံးခဲ့သူ ဦးခင်စိုးကို အခင်းဖြစ်ပွားခဲ့သည့်နေ့မှာပင် မန္တလေးမြို့သို့ပြန်လည်သယ်ဆောင်ခဲ့ကာ ၂၁ ရက်နေ့က အေးရိပ်ငြိမ် သုသာ န်တွင် သင်္ဂြ ိုလ်ခဲ့ပြီး ယနေ့နံနက်ပိုင်းက ရက်လည်ဆွမ်းကပ်ခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly