KNPP အဖွဲ့ဝင်၄ဦးကျဆုံးခြင်းမှာ နှစ်ဖက်ပစ်ခတ်မှုကြောင့်ဟု ဒကစ တာဝန်ရှိသူပြော

KNPP အဖွဲ့ဝင်၄ဦးကျဆုံးခြင်းမှာ နှစ်ဖက်ပစ်ခတ်မှုကြောင့်ဟု ဒကစ တာဝန်ရှိသူပြော

 ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ။          ။ ကရင်နီအမျိုးသားတိုးတတ်ရေးပါတီ (KNPP ) စစ်သား လေးဦးမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြောင့် ကျဆုံးသွားရခြင်းသာ ဖြစ်သည်ဟုဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) လွိုင်ကော် ၏ တာဝန်ရှိသူအနက် တစ်ဦးဖြစ်သော ဗိုလ်မှူးမျိုးမင်း ကမဇ္စျိမသို့ ပြောသည်။

“ အကြမ်းဖျင်းသိရတာတော့ သူပစ်ကိုယ်ပစ် ပစ်ကြတာခင်ဗျ။ ထိတွေ့မှုဖြစ်တယ်လို့ သိရပါတယ် “ ဟု ဗိုလ်မှူးမျိုးမင်း ကဆိုသည်။

သို့သော် ပစ်ခတ်မှုဖြစ်ပွားရသည့်အကြောင်းအရင်းနှင့် ပက်သက်ပြီး မသိရှိသေးဘဲ စစ်ဆေးမေးမြန်းရဦးမည်ဖြစ်ကြောင်း ပြန်လည် ဖြေဆိုခဲ့သည်။

ကယားပြည်နယ် လွိုင်ကော်မြို့နယ် ရှားတောမြို့ရှိ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ၏ စခန်းတစ်ခုကို လွိုင်ကော် မြို့နယ် ဒေသကွပ်ကဲရေး စစ်ဌာန ချုပ်လက်အောက်ရှိ တပ်မတော်သားတချို့မှ ဒီဇင်ဘာလ ၂၀ ရက်နေ့ကတွင် အင်အား ၆၀ လောက်ဖြင့် ၀င်ရောက်တိုက်ခိုက်ခဲ့သည်ဟု KNPP ပါတီအတွင်းရေးမှူး (၂) ဦးဒယ်နီယယ် ကပြောဆိုသည်။

KNPP တပ်ဖွဲ့ဝင်များအနေဖြင့် ခုခံခြင်းမပြုလုပ်ခဲ့ကြောင်းလည်း KNPP  ပါတီဗဟိုဌာနချုပ်မှ ဒီဇင်ဘာ ၂၂ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

အဆိုပါကိစ္စနှင့် ပက်သက်ပြီး  မြန်မာ့တပ်မတော် (ဒကစ) လွိုင်ကော်မှ ဗိုလ်မှူးမျိုးမင်းက “မသုံးသပ် တတ်ဘူးခင်ဗျ။ မျက်မြင် မဟုတ်တဲ့အ ခါကျတော့ ကျွန်တော်တို့ကတော့ ပစ်ခတ်မှုလို့ပဲ သိထားတယ်ခင်ဗျ “ ဟုပြောသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့တွင်  KNPP နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) တို့ဆက်သွယ်ညှိနှိုင်းခဲ့ကာ တပ်မတော်မှ မီးသဂြိ င်္ုလ်ထားသော KNPP တပ်သား ၄ ဦး၏ရုပ်အလောင်း အရိုးအိုးများကို မိမိတို့အား ပြန်လည်ပေးအပ်ခဲ့သည်ဟု KNPP မှခူဒယ်နီယာယ်က ပြောဆိုသည်။

အဆိုပါကိစ္စမတိုင်ခင် ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ရှားတောမြို့မှ ပြန်လာသော ဒကစ၏ ရိက္ခာယာဉ်များကို အဆိုပါ ရ မိုင်ဂိတ်မှ KNPP တပ်သားများက သစ်များသယ်ဆောင်လာခြင်းရှိ၊ မရှိ စစ်ဆေးမှုပြုလုပ်ခဲ့ပြီး နှစ်ဖက်မကြေ လည်မှုဖြစ် ပွားခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့် ပက်သက်ပြီး KNPP ဘက်မှ ပြည်နယ်အစိုးရ၊ လွှတ်တော်နဲ့ စရဖ တို့အားစာဖြင့် အကြောင်းကြား မည်ဟု ပြောကြားထားသော်လည်း ကယားပြည်နယ် လွှတ်တော်ဥက္ကဌ ဦးလှထွေးက သူဆီကို အကြောင်းကြားစာ မရောက်ရှိသေးကြောင်းပြောသည်။

ထို့ကြောင့် ဖြစ်စဉ်နှင့် ပက်သက်ပြီး ကယားပြည်နယ် လွှတ်တော်အနေဖြင့် အစည်းအဝေးခေါ်ယူခြင်းနှင့် အဆိုတင်သွင်း ခြင်းမျိုးပြုလုပ်ရန်ရှိ၊ မရှိကို “ ဒါက အစိုးရနဲ့တိုက်ရိုက် ပတ်သက်တဲ့ ကိစ္စ၊ နောက်တစ်ခါ တပ်နဲ့ သူတို့လက်နက်ကိုင် အချင်းချင်း ကိစ္စလေ နိုင်ငံတော်လုံခြံုရေးနဲ့ပက်သက် တဲ့အခါကျ တော့ ခေါ်ဖို့မရှိပါဘူး။ တကယ်လို့ ပြည်သူက တောင်းဆိုရင်တော့ ပြည်သူ့ ဆန္ဒအရ စဉ်းစားပြီးလုပ်မှာပေါ့ “ ဟု လွှတ်တော်ဥက္ကဌ ဦးလှထွေးကဆိုသည်။

မဇ္စျိမမှ ပြည်နယ်ဝန်ကြီးချုပ်  ဦးအယ်လ်ဖေါင်းရှို   နှင့် လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ သို့ဆက်သွယ်သော်လည်း အဆက်အသွယ်မရခဲ့ပေ။

ကရင်နီအမျိုးသားတိုးတတ်ရေးပါတီ (KNPP ) သည် အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ် (NCA) ရေးထိုးရန် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကာင်စီ (UNFC) မှတစ်ဆင့် ကြိုးပမ်းနေသောအဖွဲ့လည်းဖြစ်သည်။

ထို့အပြင် အဆိုပါ ရ မိုင် KNPP ကင်းစခန်းသည် ၂၀၁၂ ခုနှစ် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေး ထိုးထားပြီးနောက် တရားမဝင် သစ်တောထွက်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးများကို စစ်ဆေးမှု ပြုလုပ်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags