ကွယ်လွန်သူ SHINee အဖွဲ့ဝင် ဂျံုဟွမ်း၏ စျာပနအခမ်းအနားကျင်းပ

ကွယ်လွန်သူ SHINee အဖွဲ့ဝင် ဂျံုဟွမ်း၏ စျာပနအခမ်းအနားကျင်းပ

တောင်ကိုရီးယားမှ နာမည်ကြီး အမျိုးသားပေါ့ပ်ဂီတအဖွဲ့ဖြစ်သော SHINee ၏ အဖွဲ့ဝင်အဆိုတော်တစ်ဦးဖြစ်သူ ဂျံုဟွမ်းသည် အသက် ၂၇ နှစ်အရွယ်၌ မိမိကိုယ်မိမိအဆုံးစီရင်ခဲ့ပြီး သူ၏ စျာပနအခမ်းအနားကို သီးသန့် ကျင်းပခဲ့ကာ အဖွဲ့ဝင်သူငယ်ချင်းများနှင့် အခြားအနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။

အမည်ရင်း ကင်မ်ဂျံုဟွမ်းဟုခေါ်သော အဆိုတော်ဂျံုဟွမ်း၏ သေဆုံးမှုအတွက် ကိုရီးယားပေါ့ပ်ဂီတလောက သားများအပါအဝင် တစ်ကမ္ဘာလုံးမှ SHINee အဖွဲ့၏ပရိသတ်များက ၀မ်းနည်းပူဆွေးခဲ့ကြပြီး သူ့ကို ရည်စူးဂုဏ် ပြုမှုများ ပြုလုပ်ခဲ့ကြသည်။

ဂျံုဟွမ်းသည် သူမကွယ်လွန်မီတွင် စာတိုလေးတစ်စောင်ထားရှိခဲ့ပြီး ထိုစာထဲ၌ အောင်မြင်မှုနှင့်ပတ်သက်၍ သူကြံုတွေ့ခဲ့ရသော စိတ်ဖိစီးမှုများကို ရင်ဆိုင်ရုန်းကန်ခဲ့ရကြောင်း ဖွင့်ဟရေးသားထားကြောင်း သိရသည်။

ဂျံုဟွမ်း၏အခေါင်းကို ကြာသာပတေးနေ့က ဆိုးလ်မြို့ရှိဆေးရုံအတွင်းမှ သယ်ဆောင်လာခဲ့ပြီး SHINee အဖွဲ့မှ အခြားအဖွဲ့ဝင်များနှင့် Super Junior အဖွဲ့သားများက ခေါင်းတလားကို တလှည့်စီသယ်ဆောင်ခဲ့ကြသည်။ သူ၏ ညီမဖြစ်သူက သူ၏ဓာတ်ပုံကိုကိုင်ဆောင်ပြီး ငိုကျွေးပူဆွေးနေခဲ့သည်ကို ဓာတ်ပုံများထဲ၌ တွေ့မြင်ရသည်။

ဂျံုဟွမ်းအား လွန်ခဲ့သောတနင်္လာနေ့အနှောင်းပိုင်းက ဆိုးလ်မြို့ရှိ သူ၏တိုက်ခန်းအတွင်း၌ သတိလစ်နေခဲ့သည် ကို တွေ့ရှိခဲ့ရပြီး ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း အသက်မမှီခဲ့ကြောင်း သိရသည်။ ထို့နောက်တွင် သေမှုသေခင်း စုံစမ်းစစ်ဆေးသူများက ဂျံုဟွမ်းသည် မိမိကိုယ်မိမိ သေကြောင်းကြံစည်ခဲ့ခြင်းဖြစ်သည်ဟု အတည်ပြုခဲ့ကြသည်။

ဂျံုဟွမ်း၏နောက်ဆုံးခရီးကို SHINee အဖွဲ့ဝင်များ၊ Super Junior ၊ Girls’ Generation၊ Red Velvet နှင့် SM Entertainment မှ အခြားအနုပညာရှင်များက လိုက်လံပို့ဆောင်ခဲ့ကြသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags