ဂျေရုဆလင်ဆုံးဖြတ်ချက်ကို ဖီဆန်သည့်နိုင်ငံများအား လက်တုံ့ပြန်မည်ဟု ထရမ့် သတိပေး

ဂျေရုဆလင်ဆုံးဖြတ်ချက်ကို ဖီဆန်သည့်နိုင်ငံများအား လက်တုံ့ပြန်မည်ဟု ထရမ့် သတိပေး

 

၀ါရှင်တန်ဒီစီ၊ ဒီဇင်ဘာ ၂၁ ။            ။ ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုသည့် ဆုံးဖြတ်ချက်ကို ပြစ်တင်သော ကုလသမဂ္ဂဆုံးဖြတ်ချက်အား   ထောက်ခံသည့်   နိုင်ငံများအနေဖြင့် ဖြစ်လာနိုင်သော အမေရိကန်၏ လက်တုံ့ပြန်မှုနှင့် ရင်ဆိုင်ရမည်ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟေလီ၏ ခြိမ်းခြောက်ပြောဆိုမှုကို သမ္မတ ဒေါ်နယ်ထရမ့်က အပြည့်အဝကျောထောက်နောက်ခံပြုသည်။

ဒီဇင်ဘာ ၂၀ ရက်က ကျင်းပသည့် ကက်ဘိနက်ဝန်ကြီးအစည်းအဝေးတွင် “ကုလသမဂ္ဂမှာ မဲပေးတာကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်။ ကျွန်တော်တို့ကို ဆန့်ကျင်မဲပေးကြပါစေ။ ဖြုံစရာမရှိဘူး။ ကျွန်တေတာ်တို့ ဂရုမစိုက်ဘူး။”ဟု ထရမ့်က ပြောသည်။

အမျိုးသမီး သံအမတ်ဖြစ်သူ ဟေလီက ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၃ နိုင်ငံမှ အများစုသို့ သတိပေးစာ ပေးပို့ခဲ့ကာ တွစ်တာကနေ၍လည်း ခြိမ်းခြောက်ပြောဆိုခြင်း ဖြစ်သည်။ ၎င်း၏ တွစ်တာခြိမ်းခြောက်မှုတွင် နယူးယောက်ရှိ  ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဂျေရုဆလင်အရေးနှင့် ပတ်သက်ပြီး မဲပေးမှုကို အမေရိကန်က ကောက်ယူသွားမည်ဖြစ်ကြောင်း ရေးသားထားသည်။

အထွေထွေညီလာခံသို့ တက်ရောက်ရန် ရောက်လာရှိနေသော ပါလက်စတိုင်းနှင့် တူရကီနိုင်ငံခြားရေးဝန်ကြီးများက ဂျေရုဆလင်ဆုံးဖြတ်ချက်တွင် အမေရိကန်ကို ပြင်းပြင်းထန်ဝေဖန်ထားကြပြီး အမေရိကန်နိုင်ငံက ခြိမ်းလားခြောက်လား လုပ်ဆောင်သည်ဟု စွပ်စွဲပြောဆိုသည်။

အမေရိကန်သံရုံးအား ဂျေရုဆလင်သို့ ရွှေ့ပြောင်းမည့် ကြေညာချက်ကို ထရမ့်အနေဖြင့် ပယ်ဖျက်ရန် လုံခြံုရေးကောင်စီ အဖွဲ့ဝင် ၁၄ နိုင်ငံ၏ ဆုံးဖြတ်ချက်အား အမေရိကန်က ဗီတိုအာဏာသုံးကာ ပယ်ချလိုက်ပြီးနောက် ပါလက်စတိုင်းက ဂျေရုဆလင်အရေးကို အထွေထွေညီလာခံတင်ကာ ဖြေရှင်းရန် ကြိုးစားနေသည်။

လုံခြံုရေးကောင်စီတွင် မထမြောက်သည့် ဆုံးဖြတ်ချက်သည် အထွေထွေညီလာခံတွင် တရားဝင်မှု မရှိနိုင်သော်လည်း ကမ္ဘာ့နိုင်ငံများ၏ သဘောထားများအပေါ် ရိုက်ခတ်မှု ရှိနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly