ဆရာဝန်များတားမြစ်နေသည့်ကြားမှ သီချင်းဆိုခဲ့မိသည့်ဖြစ်ရပ်တစ်ခုကို ဟုချ်ဂျက်မန်းဖွင့်ဟပြောဆို

ဆရာဝန်များတားမြစ်နေသည့်ကြားမှ သီချင်းဆိုခဲ့မိသည့်ဖြစ်ရပ်တစ်ခုကို ဟုချ်ဂျက်မန်းဖွင့်ဟပြောဆို

 

သြစတြေးလျမင်းသားကြီး ဟုချ်ဂျက်မန်းက သူသည်ကင်ဆာခွဲစိတ်ကုသမှု ခံယူပြီးနောက်တွင် The Greatest Showman ရုပ်ရှင်ဇာတ်ကားအတွက် ဇာတ်ညွှန်းအစမ်းဖတ်ပြီး ဇာတ်တိုက်မှုပြုလုပ်စဉ်က ဆရာဝန်များ တားမြစ်နေသည့်ကြားမှ ရုပ်ရှင်အမှုဆောင်အဖွဲ့ရှေ့မှောက်၌ သီချင်းဆိုဖြစ်ခဲ့သည့် အဖြစ်အပျက်တစ်ခုကို ဖွင့်ဟပြောဆိုခဲ့သည်။

ထိုသို့ သူ၏ခွဲစိတ်ဆရာဝန်များက သီချင်းမဆိုရန်အကြံပေးနေသည့်ကြားမှ ဆိုဖြစ်အောင်ဆိုခဲ့သည့်အတွက် စိတ်မကောင်းမဖြစ်မိကြောင်းကိုလည်း ဂျက်မန်းက ၀န်ခံပြောဆိုခဲ့သည်။

ဒါ့အပြင် သူ၏သီချင်းအဆိုကောင်းမှုကြောင့် သူ၏နှာခေါင်းမှချုပ်ရိုးများကို ပြန်ချုပ်ခဲ့ရပုံကိုလည်း ရည်သွေး လျမ်းလျက်ပြောဆိုခဲ့သည်။

“ကျနော့်ရဲ့နှာခေါင်းမှာ ချုပ်ရိုးတွေ ၈၀ လောက်ရှိပါတယ်။ ကျနော့်ဆရာဝန်တွေက ကျနော့်ကိုသီချင်းမဆိုဖို့ ပြောပါတယ်” ဟု ဂျက်မန်းက သူ၏ဖေ့စ်ဘုတ်ပေါ်၌တင်ခဲ့သော ဗီဒီယိုတစ်ခုထဲတွင် ပြောကြားထားသည်။

“သူကကျနော့်ကို သီချင်းမဆိုဖို့သေချာပြောထားပေမယ့် ကျနော်ကလည်း ဆိုဖြစ်အောင်ဆိုလိုက်မိပါတယ်။ အဲ့ဒါလည်းပြီးရော ကျနော့်ချုပ်ရိုးတွေကို ပြန်ပြီးချုပ်လိုက်ရပါလေရော။ တန်ပါတယ်ဗျာ” ဟု ဂျက်မန်းက ပြောခဲ့ သည်။

ဂျက်မန်းသည် အရေပြားကင်ဆာရောဂါကို ခုခံကာကွယ်ရန်အတွက် လွန်ခဲ့သော ၂၀၁၃ ခုနှစ်ကစတင်ပြီး သူ၏ အရေပြားတချို့ကို ဖြတ်ထုတ်ဖယ်ရှားခဲ့ရသည်။ ထိုအချိန်မှစတင်ပြီး သူသည် ခွဲစိတ်မှုပေါင်း ၆ ကြိမ်ခန့် ပြုလုပ် ခဲ့ရသည်။

ပြီးခဲ့သောနှစ်က သူ၏ငါးကြိမ်မြောက် အရေပြားကင်ဆာ ဖြတ်ထုတ်ကုသမှုပြီးနောက်တွင် ဂျက်မန်းသည် ဓာတ်ပုံတစ်ပုံရိုက်၍ သူ၏အင်စတာဂရမ်ပေါ်၌ တင်ခဲ့သည်။ ထိုဓာတ်ပုံထဲ၌ သူ၏နှာခေါင်းကို ဆေးပတ်တီးစည်း ထားသည်ကို မြင်တွေ့ရပြီး ဘာဆယ်ဆဲလ်ဟုခေါ်သော အရေပြားကင်ဆာအမျိုးအစားတစ်ခုကို ဖြတ်ထုတ်ဖယ် ရှားရန်အတွက် ခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်း ပရိသတ်များကို အသိပေးခဲ့သည်။

အရေပြားကင်ဆာရောဂါကို ခုခံတိုက်ဖျက်နေရသော မင်းသားကြီးဂျက်မန်းသည် ပြီးခဲ့သောမတ်လကလည်း အမေရိကန်ရုပ်သံအစီအစဉ်တစ်ခုတွင် အစီအစဉ်မှူးကယ်လီနှင့်အတူ စကားပြောဆိုဆွေးနွေးခဲ့စဉ်က သူ၏ နှာခေါင်း၌ ဆေးပတ်တီးစည်းထားခဲ့ရသည်ကိုတွေ့မြင်ရသည်။

Ref: BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly