၈လေးလုံးပါတီဖြစ်မြောက်ရေး ဗဟိုဦးဆောင်ကော်မတီမှ နှုတ်ထွက်ထားကြောင်း ဦးသက်ထွန်းပြောကြား

၈လေးလုံးပါတီဖြစ်မြောက်ရေး ဗဟိုဦးဆောင်ကော်မတီမှ နှုတ်ထွက်ထားကြောင်း ဦးသက်ထွန်းပြောကြား
ဓာတ်ပုံ - စိုးသူရ

 

ရန်ကုန် ဒီဇင်ဘာ ၁၈ ။               ။ ၈လေးလုံးပါတီ ပါတီဖြစ်မြောက်ရေး ဗဟိုဦးဆောင်ကော်မတီဝင်အဖြစ်မှ နှုတ်ထွက်ထားကြောင်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးသက်ထွန်းကပြောသည်။ ၈လေးလုံးပါတီဟု ယမန်နေ့က တရားဝင် အမည်ပေးခဲ့ပြီး  ပါတီဖြစ်မြောက်ရေး ဗဟိုဦးဆောင်ကော်မတီဝင်အဖြစ်မှ  နှုတ်ထွက်ထားကြောင်း ဦးသက်ထွန်းက ယနေ့တွင် မဇ္စျိမကို တရားဝင်ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီပါတီဖြစ်မြောက်ရေးအဖွဲ့ပေါ့။ တကယ်တော့ပါတီမဖြစ်သေးဘူး။ ဖြစ်မြောက်ရေးအဖွဲ့ထဲကနေ တရားဝင်နှုတ်ထွက်ထားတာက နိုဝင်ဘာ၂၃ရက်ကတည်းက ထွက်ထားတာ။ ဒါပေမယ့်သူတို့အနေနဲ့ တရားဝင်ထုတ်ပြန်ကြေညာတာမျိုး မလုပ်ဘူး။ သူတို့ဘက်ကမေတ္တာရပ်ခံချက်က ဒီစုံညီအစည်းအဝေး ပြီးတဲ့အထိ စောင့်ပေးဖို့ပေါ့နော်။ မီဒီယာတွေကို ထုတ်မပြောဖို့ ညှိနှိုင်းတဲ့အတွက် အကိုက လက်ခံထားခဲ့တာ။ အဲဒါကြောင့်ထုတ် မပြောခဲ့တာ။ဒါပေမယ့် အစည်းအဝေးပြီးတဲ့အခါ ဦးဆောင်ကော်မတီထဲမှာ အကို့နာမည်က ဆက်ပါနေတယ်။ဒါက အားလုံးအတွက် မှားယွင်းမှုတစ်ခု ဖြစ်သွားနိုင်တယ်လေ။အဲဒါကြောင့်နာမည်လည်း ခံစရာမလိုသလို ဒီဥစ္စာရဲ့ ဖြစ်တည်ခြင်းကောင်းခြင်း၊ဆိုးခြင်းတွေက အကိုနဲ့ဘာမှမသက်ဆိုင်ဘူးလေ”  ဟု ဦးသက်ထွန်းကပြောသည်။

မကြာခင်မှတ်ပုံတင်တော့မည့် ၈လေးလုံးပါတီ၏  ပါတီဖြစ်မြောက်ရေး ဗဟိုဦးဆောင်ကော်မတီတွင် ဦးကိုကိုကြီး၊ဦးမင်းဇေယျာ၊ဦးသက်ထွန်းနှင့်  ဦးရဲနိုင်အောင်တို့ပါ၀င်ခဲ့သည်။ မူဝါဒပိုင်းအပါအဝင်သဘောထားကွဲလွဲမှုများ ရှိနေသော ကြောင့်နှုတ်ထွက်ရခြင်း ဖြစ်ကြောင်း ၊၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ချည်းကပ်သည့်နေရာတွင်လည်း အမြင်ကွဲလွဲမှုရှိ ကြောင်း ဦးသက်ထွန်းက ပြောသည်။

“ဘာကြောင့်ထွက်ရသလဲဆိုတော့ ပါတီတစ်ခုတည်ဆောက်တဲ့အခါမှာအကို့အနေနဲ့ မူဝါဒ ၊စည်းမျဉ်းစည်းကမ်း၊ဖွဲ့စည်းပုံတွေနဲ့ ပတ်သက်လို့ စနစ်တကျ ပြင်ဆင်ရေးဆွဲချင်တယ်။ အဲဒီလို ရေးဆွဲတဲ့အခါမှာလည်း နယ်က ရဲဘော်တွေအားလုံး၊ပူးပေါင်းဆောင်ရွက်သူတွေအားလုံးကို နိုင်ငံရေးအရ တန်းတူရည်တူ အခွင့်အရေးပေးချင်တယ်။   ဆွေးနွေးစေချင်တယ်။ အကြံဉာဏ်ပေးစေချင်တယ်။ ဆုံးဖြတ်ချက်ချတဲ့အခါမှာတောင် သူတို့ကို ပါစေချင်တယ်”  ဟု ဦးသက်ထွန်းက ပြောသည်။

ဦးသက်ထွန်း၏  လမ်းခွဲမှုနှင့် ပတ်သက်ပြီး သီခြားမှတ်ချက်မပေးလိုကြောင်း ဦးကိုကိုကြီးက မဇ္စျိမကို ပြောသည်။ပါတီ၏မူဝါဒနှင့် ပတ်သက်၍မူ  ယမန်နေ့က ပါတီနာမည်ကြေညာသည့်  သတင်းစာရှင်းလင်းပွဲတွင်  ဦးကိုကိုကြီးက ရှင်းလင်းပြောကြားခဲ့သည်။

" ပါတီရဲ့အခြေခံကျတဲ့ပါတီမူဝါဒပိုင်းမှာ ကျွန်တော် တို့ထိပ်တန်းက ထည့်ထားတဲ့အချက်က ဒီမိုကရက် တစ် ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ၊ ဒါဟာ ရှစ်လေးလုံးငွေရတုအခမ်းအနားမှာ ချမှတ် ခဲ့တဲ့ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်၊ ဒီဆုံးဖြတ်ချက်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ ဒါကို ပထမ ဦးစားပေးအဖြစ်နဲ့ ရေးဆွဲဖော်ပြထားပါတယ်၊ ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ငြိမ်းချမ်းရေးကိစ္စ ဖွံ့ဖြိုးတိုး တက်ရေးကိစ္စနဲ့တိုက်ရိုက် ဆက်စပ်ပါတယ်" ဟု ဦးကိုကိုကြီးက ပြောသွားခဲ့သည်။

ပါတီမှတ်ပုံတင်ခြင်းကို အစောတလျှင်ပြုလုပ်ခြင်းထက် ပါတီဖွဲ့စည်းပုံကို ခိုင်မာအောင် အရင်လုပ်သင့်သည်ဟုလည်း ဦးသက်ထွန်းကပြောသည်။ ရွေးကောက်ပွဲကော်မရှင်ကို ပါတီမှတ်ပုံတင်သည့် အခါ ရက်ပေါင်း ၉၀ ကြာမြင့်မည်ဖြစ်သည့်အတွက် ၂၀၁၈ ခုနှစ်၊ ၃ လပိုင်း၊ ၄ လပိုင်းများတွင် ပါတီ မှတ်ပုံတင်ကျမည်ဟု ခန့်မှန်ကြောင်း ဦးကိုကိုကြီးက ယမန်နေ့က ပြောသည်။

" ပါတီမှတ်ပုံတင်ခြင်းကိစ္စကို ကျွန်တော်တို့က ဒီနှစ် ကုန်ဆိုတာ တစ်ကယ်တော့ ဒီလကုန်ပါ၊ ဒီလကုန် အတွင်းမှာ ကျွန်တော်တို့ဆောင်ရွက်သွားမယ်လို့ လျာထား ပြင်ဆင်ထားတာတွေ ရှိပါတယ်၊ ဒါ ကြောင့် ဒီလမကုန်ခင်အတွင်းမှာ ပါတီမှတ်ပုံတင် မှာ ဖြစ်ပါတယ်" ဟု ဦးကိုကိုကြီးက ပြောထားသည်။

ပါတီနာမည်ကို ၈လေးလုံးပါတီဟု အမည်ပေးသည့် အပေါ်တွင်လည်း သဘောထားကွဲလွဲမှုများ ရှိနေသည်။ ဦးသက်ထွန်းကမှု ၈ လေးလုံးကို သမိုင်းတန်ဖိုးတစ်ခုအနေဖြင့် ထားသင့်ပြီး ပါတီကို နိုင်ငံရေးပါတီဆန်သည့် နာမည်မျိုးသာ ပေးသင့်သည်ဟု ပြောသည်။ ဦးသက်ထွန်းသည် အမေရိကန်နိုင်ငံသားခံယူထားသူတစ်ဦးဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင် ဥပဒေအရ မြန်မာနိုင်ငံသားမဟုတ်သူများ  ပါတီထောင်ခွင့်မရှိပေ။ သို့သော် ၀န်းရံအကြံပေးမည်ဆိုလျှင် ယင်းဥပဒေနှင့် လွတ်ကင်းကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly