IS တို့အားအနိုင်ရရှိပြီးနောက် အီရတ်တို့စစ်ရေးပြပြီးအောင်ပွဲခံ

IS တို့အားအနိုင်ရရှိပြီးနောက် အီရတ်တို့စစ်ရေးပြပြီးအောင်ပွဲခံ

 

ဘဂ္ဂဒတ်၊ အီရတ်၊ ဒီဇင်ဘာ ၁၁ ။                 ။ အီရတ်သမ္မတ ဟိုင်းဒါအယ်လ်အဘာဒီက အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့ကို အပြီးပြတ်ချေမှုန်းနိုင်ခဲ့ပြီဟု တရားဝင်ကြေညာခဲ့ပြီးနောက်တွင်   အောင်ပွဲခံသည့်အနေဖြင့် အီရတ်စစ်တပ်က စစ်ရေးပြပွဲတစ်ခုကို တနင်္ဂနွေ နေ့က ကျင်းပခဲ့ကြသည်။

အီရတ်တို့သည် နိုင်ငံအတွင်းရှိ နေရာအနှံ့၌ခြေကုပ်ယူထားသော  ဂျီဟတ်ဝါဒီ IS တို့နှင့် ၃ နှစ်တာခန့် စစ်မက် ဖြစ်ပွားခဲ့ပြီးနောက်တွင် အောင်ပွဲရရှိခဲ့ပြီဖြစ်ကြောင်း အဘာဒီက ပြီးခဲ့သောစနေနေ့က   ကြေညာခဲ့သည်။

အီရတ်တပ်ဖွဲ့များသည် ဘဂ္ဂဒတ်မြို့လယ်ခေါင်ရှိ ရင်ပြင်ကိုဖြတ်၍ ချီတက်စစ်ရေးပြခဲ့သလို ရဟတ်ယာဉ်များနှင့် တိုက်လေယာဉ်များသည် ခေါင်းပေါ်မှဝဲပျံသန်းသွားကြောင်း မျက်မြင်သက်သေများက ဆိုခဲ့သည်။

ထိုစစ်ရေးပြပွဲကို တိုက်ရိုက်ထုတ်လွှင့်မှုမပြုလုပ်ခဲ့သလို နိုင်ငံပိုင်မီဒီယာတစ်ခုတည်းကသာ တက်ရောက်၍ သတင်းယူနိုင်ခဲ့ကြောင်း သိရသည်။

အဘာဒီက အောင်ပွဲရရှိပြီဟုကြေညာခဲ့အပြီးတွင် တနင်္ဂနွေနေ့အား အများပြည်သူအားလပ်ရပ်အဖြစ် ကြေညာ ခဲ့ပြီး အီရတ်တို့သည် ဂျီဟတ်ဝါဒီများအား ခိုင်မာသောသန္နိဌာန်၊ စည်းလုံးညီညွှတ်မှုတို့နှင့်အတူ ချေမှုန်းနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

အီရတ်၏မြို့တော်နှင့် မိုဆူးလ်မြို့တို့၌ အီရတ်ပြည်သူများသည် လမ်းမများပေါ်သို့ထွက်၍ မျိုးချစ်သီချင်းများ သီဆိုပြီး နိုင်ငံအလံကိုဝေ့ယမ်း၍ “အီရတ်၊ အီရတ်” ဟု အော်ဟစ်ကာ အောင်ပွဲခံခဲ့ကြသည်။

ဆွန်နီမွတ်စလင်အစွန်းရောက်များဖြစ်သည့် IS တို့သည် အီရတ်နှင့် အိမ်နီးချင်းနိုင်ငံဖြစ်သော ဆီးရီးယားတို့ရှိ နယ်မြေများကို လွန်ခဲ့သော ၂၀၁၄ ခုနှစ်က စတင်သိမ်းပိုက်ခဲ့ပြီး ယုတ်မာသောလုပ်ရပ်အများအပြားကို ကျူးလွန်ခဲ့ကြသည်။

အမေရိကန်ဦးဆောင်သော ယာယီညွှန့်ပေါင်းအဖွဲ့နှင့်အတူ အီရတ်တပ်ဖွဲ့များသည် လွန်ခဲ့သော ၃နှစ်ခန့်က ဂျီဟတ်ဝါဒီများထံ ဆုံးရှုံးခဲ့ရသော ၄င်းတို့၏နယ်မြေများကို တဖြည်းဖြည်းချင်း ပြန်လည်သိမ်းယူလာခဲ့သည်။

ညွန့်ပေါင်းအဖွဲ့၏အကြီးအကဲဖြစ်သူက IS တို့အားချေမှုန်းနိုင်ခဲ့သည့်အတွက် ဘဂ္ဂဒတ်အစိုးရအား တနင်္ဂနွေနေ့ က ဂုဏ်ပြုခဲ့ပြီး ဂျီဟတ်ဝါဒီများအနေဖြင့် ဆက်လက်ခေါင်းမထောင်လာနိုင်အောင် သေချာလုပ်ဆောင်ဖို့ လိုအပ် ကြောင်း သတိပေးပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags