ကလေးတစ်ဦးလျှင် ၃၅၀ကျပ် နှုန်း ကျွေးမွေးမှု တိုးရန်မရှိသေးဘဲ လိုအပ်သည့် အာဟာရစံနှုန်း ရှိနေဟု လူမှုရေးဝန်ကြီးဆို

ကလေးတစ်ဦးလျှင် ၃၅၀ကျပ် နှုန်း ကျွေးမွေးမှု တိုးရန်မရှိသေးဘဲ လိုအပ်သည့် အာဟာရစံနှုန်း ရှိနေဟု လူမှုရေးဝန်ကြီးဆို

ရန်ကုန် ၊ နို၀င်ဘာ ၃၀ ။             ။ ကလေးတစ်ဦးလျှင် သတ်မှတ်အာဟာရကျွေးမွေးမှု နှုန်းထား ကျပ်ငွေ ၃၅၀ သုံးစွဲခြင်းဖြင့် လိုအပ်သည့် အာဟာရစံနှုန်း ကိုယ်ကာယဖွံ့ဖြိုးမှု တိုးတက်နေမှုများ ရှိနေသည်ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက လွှတ်တော်၌ ဖြေဆိုခဲ့သည်။

"သတ်မှတ်ထားသည့် နှုန်းထား အတိုင်းကျွေးမွေးခြင်းဖြင့် ကလေးတစ်ဦး၏ လိုအပ်သော အာဟာရစံနှုန်း ကိုယ်ကာယဖွံ့ဖြိုး တိုးတက်မှုနှုန်းသည် ပုံမှန်တွေ့ရှိနေရပါတယ်" ဟု ဦးနိုင်ငံလင်းက ဆိုသည်။

ယနေ့ နိုဝင်ဘာ ၃၀ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၁၉ ရက် မြောက်နေ့တွင် မင်္ဂလာတောင်ညွှန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၏ မေးမြန်းမှုကို လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အထက်ပါအတိုင်းပြန်လည်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်သော နေ့ကလေးထိန်းကျောင်းများ၏ ကလေးများ အာဟာရကျွေးမွေးသောနှုန်း အား ခေတ်ကာလနှင့်အညီ တိုးမြှင့်သတ်မှတ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုကြောင်း ဦးလှဌေးက လွှတ်တော်၌ မေးမြန်းခဲ့ခြင်းဖြစ်သည်။

၀န်ကြီး၏ ဖြေဆိုမှုနှင့်ပတ်သက်ပြီး ဦးလှဌေးက "ကျွန်တော်တို့တောင်မှ လက်ဖက်ရည်တစ်ခွက် သောက်မယ် ဆိုရင် ၃၅၀ ပေးပြီး သောက်ရပါတယ်။ ကလေးတစ်ယောက်အတွက် တစ်ရက် ၃၅၀ ဆိုတာ အဆင်ပြေတယ် ။ မပြေဘူးဆိုတာ အားလုံးအသိပါ" ဟု ဆိုသည်။

လက်ရှိအချိန်တွင် နေ့ကလေးထိန်းကျောင်းများ၌ ကလေးများအား အာဟာရကျွေးမွေးမှုနှုန်းထားသည် ကုန်စို ကျပ် ၁၉၀ နှုန်း ၊ ကုန်ခြောက် ၈၀ နှုန်း ၊ ဖြည့်စွက်စာ ၈၀ နှုန်းဖြင့် နေ့စဉ် ကျပ်ငွေ ၃၅၀ နှုန်းဖြင့် အစိုးရမှ ထောက်ပံ့ပေးပြီး ပုံမှန်ကျွေးမွေးနေခြင်း ဖြစ်သည်။

၂၀၁၅ ၊ ဇန်နဝါရီလ ၁ ရက် စတင်ကာ လူမှုဝန်ထမ်းလက်အောက်ရှိ နေ့ကလေးထိန်းကျောင်းများ၌ ကလေးများ အား အာဟာရကျွေးမွေးမှုနှုန်း တစ်ဦးလျှင် ၃၅၀ ကျပ်ကို အစိုးရမှ စတင်ထောက်ပံ့ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly