ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ အပြန်အလှန်ယုံကြည်မှုက အရေးကြီးဟု ဖင်လန်နိုင်ငံခြားရေးဝန်ကြီး ပြော

.

 

နိုဝင်ဘာ ၂၇ ။             ။ အောက်ဖော်ပြပါ အင်တာဗျူးကတော့ မဇ္ဈိမ အယ်ဒီတာချုပ် ဦးစိုးမြင့် ၊ ဖင်လန်နိုင်ငံခြားရေးဝန်ကြီး Mr Timo Soini နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများ၊ အကူအညီ ပေးရေးနဲ့ ပညာရေး ပရိုဂရမ်တွေနဲ့ ပတ်သက်လို့ မေးမြန်း ဆွေးနွေးထားသမျှ ဖြစ်ပါတယ်။

ဒါဟာ ၀န်ကြီးရဲ့ ပထမဆုံးသော မြန်မာနိုင်ငံ ခရီးစဉ် ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ အဲဒီတော့ ဒီကို ဘာတွေများ ဆောင်ကြဉ်းလာပါသလဲ?

ဟုတ်ပါတယ်၊ ဒါ ကျွန်တော့်ရဲ့ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်ပါတယ်။ ဒီကို လာဖို့က အကြောင်းရင်းအများကြီး ရှိပါတယ်။ တကယ်ဆိုရင်လည်း ကျွန်တော် အရင်ကတည်းက ဒီကိုလာချင်နေခဲ့တာပါ။ ဒါက အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ နောက်ပြီး ဖင်လန်နဲ့ မြန်မာအကြား ဆက်ဆံရေးကလည်း ခုဆိုရင် အဆင့်သစ်တစ်ခုကို တိုးမြင့် လိုက်နိုင်ပါပြီ။ နိုဝင်ဘာ ၂၁ ရက်မှာ ကျွန်တော်တို့ရဲ့ သံရုံးကို တရားဝင် ဖွင့်လှစ်လိုက်ပါပြီ။ အရင်က ဒီမှာ အမြဲတမ်း မစ်ရှင်အဖွဲ့တစ်ခု ထားခဲ့ပေမယ့် ခုတော့ အဲဒါကို သံရုံးအနေနဲ့ အဆင့်မြှင့်လိုက်နိုင်ပြီ ဖြစ်ပါတယ်။ ဒါ တကယ် အရေးကြီးပါတယ်။ နောက်ပြီး ဒါက ကျွန်တော်တို့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးပါပုံကိုပါ ပြသနေပါတယ်။

နောက်ပြီးတော့ မြန်မာနဲ့ ဖင်လန်အကြား ဆက်လုပ်နေလျက်ရှိတဲ့ ဖွံ့ဖြိုးရေး အကူအညီတွေ တော်တော်များများ ရှိနေပါတယ်။ ဒါက အရမ်းကို အရေးကြီးပါတယ်။ နောက်ပြီး  ASEM အစည်းအဝေးကြီးကိုလည်း ခင်ဗျားတို့ နိုင်ငံရဲ့ မြို့တော်မှာ ကျင်းပခဲ့ပါတယ်။ ဥရောပသမဂ္ဂ ၀န်ကြီးတွေ၊ အာရှဒေသက ၀န်ကြီးတွေ တော်တော်များများ အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့ကြပါတယ်။ ဒါကလည်း အကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ နောက်ပြီး ခုချိန်မှာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလုပ်ငန်းစဉ်နဲ့အတူ အနာဂတ်သစ်တစ်ခုဆီ သွားရာလမ်းကြောင်းပေါ်မှာ ရှိနေပြီ ဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ အကူအညီ လိုအပ်တဲ့အခါပဲဖြစ်ဖြစ် ကျွန်တော်တို့ အတူတူတွဲ လုပ်လို့ရနိုင်တဲ့ အခါမှာပဲဖြစ်ဖြစ် ကူညီပေးချင်ပါတယ်။

နောက်တစ်ခုသိချင်တာက ၀န်ကြီးအနေနဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီက အစိုးရတာဝန်ရှိသူတွေနဲ့လည်း အရေးကြီးအစည်းအဝေးတွေ လုပ်ခဲ့တယ်လို့ ကျွန်တော် သိထားပါတယ်။ အဲဒီအစည်းအဝေးတွေမှာ ဘယ့်အကြောင်းအရာတွေကို အဓိက အလေးထားပြီး ဆွေးနွေးခဲ့ပါသလဲ။

သူမနဲ့ အကြား အရမ်းကောင်းတဲ့ ဆွေးနွေးမှုတစ်ရပ် ရှိခဲ့ပါတယ်။ အရမ်းကောင်းပြီး ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ဆွေးနွေး နိုင်ခဲ့ပါတယ်။ ဆွေးနွေးတဲ့ အကြောင်းအရာတွေကတော့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သက်ဆိုင်တဲ့ကိစ္စတွေ၊ ပညာရေး၊ သစ်တော၊ စီးပွားရေးလုပ်ငန်း အမျိုးအစားအားလုံး၊ သွင်းကုန်၊ ထုတ်ကုန် အခွင့်အလမ်းတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေဖြစ်ပါတယ်။  နောက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ်က အခြေအနေနဲ့ပတ်သက်လို့လည်း ဆွေးနွေးခဲ့ပါတယ်။ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ဒေသတွင်းမှာ လူသားချင်း စာနာမှုအကူအညီပေးရေး အေဂျင်စီတွေ ၀င်ခွင့်ရဖို့၊ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ ညှိနှိုင်းဆွေးနွေးရေး လုပ်ငန်းစဉ်ကို လုပ်ဆောင်ဖို့၊ ထွက်ပြေးသွားကြသူတွေကို သူတို့ရဲ့ မူလနေအိမ်တွေဆီ ပြန်လာခွင့်ပြုဖို့ ကျွန်တော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို  ပြောကြားခဲ့ပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ မြန်မာအစိုးရအပေါ် ဘာများ အကြံပြုချင်ပါလဲ၊ ရခိုင်ပြည်နယ်တင် မဟုတ်ဘဲ ပြည်တွင်းက တစ်ခြား ပဋိပက္ခတွေ ရှိနေတဲ့ နေရာတွေအတွက်ရောပေါ့။

ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြုချက်တွေနဲ့ အဲဒီဖွဲ့စည်းတည်ဆောက်ပုံက အရမ်း အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်။ အခြေအနေတွေက ရှုပ်ထွေးတယ်ဆိုတာလည်း ကျွန်တော်တို့ သိထားပါတယ်။ ပဋိပက္ခ တစ်ခုချင်းစီတိုင်းမှာ နောက်ခံသမိုင်းတွေ ရှိတယ်ဆိုတာလည်း သိပါတယ်။ ဒီနိုင်ငံမှာ လူမျိုး တွေ ဒီလောက်အများကြီး ရှိနေတဲ့အပေါ် ကျွန်တော် နည်းနည်းတော့ အံ့အားသင့်မိပါတယ်။ အကြမ်းဖျင်းအားဖြင့် လူမျိုး ၁၃၀ ကျော်ရှိတာပေါ့နော်၊ နောက်ပြီး အကြမ်းဖျင်းအားဖြင့် တစ်ချိန်လုံး တောက်လျှောက်ဖြစ်နေတဲ့ ပဋိပက္ခ ဖြစ်ပွားမှုအရေအတွက် ၁၅ ခုနဲ့ ၂၀ ထိ ရှိနေခဲ့တယ်။ ဒါကြောင့် ဒီအခြေအနေတွေမှာ နစ်မြှုပ်လုပ်ဆောင်လိုမှု၊ လိုလိုလားလား လုပ်ဆောင်ပေးလိုမှု လိုအပ်ပါတယ်။

တစ်ခြားတစ်ဘက်ကလည်း ဒီလိုပဲ လုပ်ပေးဖို့ လိုပါတယ်။ တစ်ခြားတစ်ဘက်က ဆွေးနွေးလိုခြင်းမရှိဘူးဆိုရင် ဒါက အရမ်းကို ရှုပ်ထွေးတဲ့ အခြေအနေ ဖြစ်မှာပါ။ ဒါပေမယ့်  ဒီလုပ်ငန်းစဉ်ဟာ အထိမခံ ပျက်လွယ်ရှလွယ်တဲ့ လမ်းပေါ်မှာ သွားနေတယ်ဆိုပေမယ့် ကိစ္စတွေကို ရှင်းလင်းလိုစိတ် ရှိနေတယ်ဆိုတာ ကျွန်တော်တို့ ခုကြားထားပြီး ဖြစ်ပါတယ်။ နိုင်ငံတကာ ရှုထောင့်ဘက်ကနေ ကြည့်ရင် ဒါအရမ်းအရေးကြီးပါတယ်။ တကယ်တော့ မြန်မာဆိုတာက သဘာဝ အရင်းအမြစ်တွေ ပေါကြွယ်ဝတဲ့၊ လုပ်သားအင်အား အများကြီး ရှိနေတဲ့ နှစ်လိုဖွယ် နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ သင့်အနေနဲ့လည်း နေရာစုံတွေကို သွားချင်သွားနိုင်ပါတယ်။ ဒါပေမယ့် တည်ငြိမ်မှု မရှိဘူး၊ ဥပဒေစိုးမိုးမှု မရှိဘူး၊ ငြိမ်းချမ်းရေးကို မထိန်းသိမ်းနိုင်ဘူးဆိုရင်တော့ ခုနက အခြေအနေကို ရရှိနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒီလို အခြေခံကျတဲ့ အရာကိစ္စတွေကို ရှင်းထုတ်ဖြေရှင်းသွားနိုင်မယ်ဆိုရင် ခင်ဗျားတို့ နိုင်ငံရဲ့ အနာဂတ်လမ်း ဖြောင့်ဖြူးရေး ခရီးအတွက် ဘာဆူးခလုတ်မှရှိတော့မှာ မဟုတ်ပါဘူး။

ဒီမိုကရက်တစ်လုပ်ငန်းစဉ်ကို ပြောမယ်ဆိုရင်တော့ ကျွနန်တော်တို့ဟာ ဒီမိုကရက်တစ် လုပ်ငန်းစဉ်ထဲမှာ ရောက်နေတာ ခြောက်နှစ် ဒါမှမဟုတ် ခုနစ်နှစ်လောက်ကြာ ရှိနေခဲ့ပါပြီ။ ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကန့်သတ်ချက်တွေ အပြင် အခြား စိန်ခေါ်မှုတွေကလည်း ရှိနေပါတယ်။ ဒီတော့ ပဋိပက္ခတွေ၊ တင်းမာမှုတွေ၊ စီးပွားရေးအခြေအနေ လိုမျိုး ကိစ္စရပ်တွေ ရှိနေတဲ့အချိန်မှာ  မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှုတွေနဲ့ပတ်သက်လို့ ၀န်ကြီးအနေနဲ့ ဘယ်လိုများ မြင်မိပါသလဲ၊  တစ်ခုကတော့ ဒီမိုကရေစီကျင့်သုံးမှု လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်နေ့ပြီး တစ်နေ့ ကြုံနေရတဲ့ စိန်ခေါ်မှုတွေကလည်း ရှိနေပြန်ပါတယ်။ ဒါကြောင့် ဒီအကူအပြောင်းကို အောင်မြင်နိုင်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ ဒါကို ဘယ်လိုမျိုး စီမံခန့်ခွဲလို့ ရနိုင်ပါသလဲ?

ဒီနေရာမှာ လိုအပ်တာက စကားလုံး တစ်လုံးပဲ ဖြစ်ပါတယ်။ အဲဒါကတော့ Trust ဆိုတဲ့ ယုံကြည်မှုပါ။ ခင်ဗျား အနေနဲ့လည်း တစ်ဦးနဲ့တစ်ဦးအကြား အပြန်အလှန် ယုံကြည်ရမှာဖြစ်ပါတယ်။ ဒီမှာက မတူညီတဲ့ နိုင်ငံရေးပါတီတွေ ရှိနေတယ်လို့ ကျွန်တော်သိထားတယ်၊ နောက်ပြီး စစ်တပ်ရှိတယ်၊ နောက်ပြီး ဒီအခြေအနေ ဖြစ်လာစေတဲ့ သမိုင်းကြောင်းတစ်ရပ် ရှိတယ်။ ဒီတော့ကာ ယုံကြည်မှုက အရမ်းကို အရေးကြီးပါတယ်။ ဒါကြောင့်လည်း ခင်ဗျားတို့ နိုင်ငံ ပိုကောင်းတဲ့ အခြေအနေတစ်ခုကို ရရှိစေဖို့က ယုံကြည်မှု ဆိုတဲ့စကားလုံး ကို ကျွန်တော်တို့ သုံးတာဖြစ်ပါတယ်။  ဒါပေမယ့်လည်း ကျွန်တော်တို့ သိကြတဲ့အတိုင်း နိုင်ငံရေးသမား တစ်ဦးအတွက်ကတော့ အာဏာဆိုတာက အရမ်းကို အင်အားကြီးတဲ့ အရာတစ်ခုဖြစ်တယ်၊ အာဏာရထားတဲ့ သူတွေကလည်း ရထားတဲ့ အာဏာကို တည်မြဲချင်ကြတယ်၊ ဒီနေရာမှာ အာဏာက ပြည်သူတွေရဲ့ စိတ်ဆန္ဒထဲမှာ တည်တယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။

ဒါကြောင့်လည်း လွတ်လပ်မျှတတဲ့ ရွေးကောက်တွေက အရေးကြီးတာပေါ့။ အဲဒီရွေးကောက်ပွဲတွေရဲ့ ဒီမိုကရေစီ နည်းကျ မဲပေးစနစ်တွေကနေတဆင့် ပြည်သူတွေရဲ့ စိတ်ဆန္ဒက ဘာဖြစ်စေချင်ကြတာလဲ ဆိုတာ ခင်ဗျား ရှာတွေ့ပါလိမ့်မယ်။ ဒါကြောင့်လည်း ပြည်သူတွေရဲ့ စိတ်ဆန္ဒလို့ ပြောရတာဖြစ်ပါတယ်။ ပြည်သူတွေကို ဆုံးဖြတ်ခွင့် ရနိုင်စေမယ့် ယုံကြည်ချက် ရှိရပါမယ်။ အဲဒီအခြေခံနဲ့ပဲ ရှေ့ဆက်သွားရမှာဖြစ်ပါတယ်။ ပြီးတော့ အချိန်တော့ ယူရပါမယ်။ ကျွန်တော်တို့ ဖင်လန်နိုင်ငံဆိုရင်လည်း ခုချိန်မှာ လွတ်လပ်ရေးရတာ အနှစ် ၁၀၀ ပြည့်ခဲ့ပါပြီ။ ကျွန်တော်တို့ ကိုယ်ပိုင်လွတ်လပ်ရေး စရချိန်တုန်းကဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ ပထမဆုံး စကြုံခဲ့တာက ပြည်တွင်းစစ်ဖြစ်ပါတယ်။ အဲဒါက တကယ်ပဲ ဆိုးရွားခဲ့ပါတယ်။ လူတွေအများကြီး အသတ်ခံခဲ့ရတယ်။ ဒါပေမယ့် အဲဒီကနေ ကျွန်တော်တို့ ဘာတွေ သင်ယူနိုင်ခဲ့သလဲ ဆိုတော့ အဲဒီလိုအမှားမျိုး နောက်တစ်ကြိမ် ငါတို့ ထပ်မလုပ်တော့ဘူး ဆိုတာဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တည်ငြိမ်မှု၊ အပြန်အလှန် ယုံကြည်မှု မရှိဘဲနဲ့ ကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကိုတော့ ပွင့်ပွင့်လင်းလင်း ပြောခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော်တစ်ဦးတည်းရဲ့ အမြင်ပါ။ ဒါကြောင့်လည်း ပြည်သူတွေကို ယုံကြည်ကြဖို့၊ ကောင်းတဲ့ ဖြေရှင်းချက်နည်းလမ်းတွေ ဆွဲကိုင်ကြဖို့၊ ပြည်သူတွေက ခင်ဗျားကို မဲပေးရွေးချယ်မယ့် မူဝါဒကောင်းတွေ ကျင့်သုံးကြဖို့ လိုတယ်ဆိုပြီး ကဏ္ဍစုံက မြန်မာလူ့အဖွဲ့အစည်းကို ကျွန်တော် တိုက်တွန်းနေတာဖြစ်ပါတယ်။  

အမျိုးမျိုး ကွဲပြားခြားနားပြီး မတူညီကြတဲ့ နောက်ခံတွေရှိနေတဲ့ မတူညီတဲ့ သူတွေအကြား ဒီလိုမျိုး ယုံကြည်မှုကို တည်ဆောက်နိုင်ဖို့ ၀န်ကြီးအနေနဲ့ ဘယ်လို စီမံခဲ့ပါသလဲ။

ဒါကတော့ ကျွန်တော်တို့ သဘောပေါက်နားလည်ခဲ့တဲ့၊ ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေ၊ မိဘတွေ၊ အဘိုးအဘွားတွေ၊ အမေတွေက နားလည်သဘောပေါက်ခဲ့တဲ့ အနည်းအကျဉ်းသော ကိစ္စဖြစ်ပါတယ်။ သူတို့ တွေးခဲ့ကြတယ်၊ ကောင်းပြီ၊ ဒီလိုမျိုး ပဋိပက္ခမျိုး ဘာကြောင့်ဖြစ်ရတာလဲဆိုတာရဲ့ အဓိက အရင်းအမြစ်တွေက ဘယ်နေရာမှာ ရှိနေတာလဲလို့ တွေးခဲ့တယ်။ အဲဒီထဲက တစ်ခုက သာတူညီမျှမှု မရှိခြင်းပါ။ အဲဒီတော့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ယောက်ျားလေးတိုင်း၊ မိန်းကလေးတိုင်း ကျောင်းတက်ခွင့် ရဖို့က အရမ်းအရေးကြီး တယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ တိုကင် အတူတူနဲ့ ပြည်သူအားလုံး ကျန်းမာရေးစောင့်ရှောက်မှုတွေကို ခံစားရယူခွင့်ရဖို့က အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ အဲဒါကို ဖြည့်ဆည်းသင့်ပါတယ်။ အဲဒီနောက်မှာတော့ ပြည်သူတွေ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရနိုင်အောင်၊ ကျောင်းတွေ တက်နိုင်အောင်၊ အမျိုးသားနဲ့ အမျိုးသမီးအကြား သာတူညီမျှ ရှိအောင်လို့ ကျွန်တော်တို့ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ခဲ့ပါတယ်။ အဲဒီလိုနဲ့ တစ်ဖြည်းဖြည်းချင်း ပြည်သူတွေက အဲဒါကို သတိထားမိလာတယ်။ ကောင်းပြီ၊ အဲဒါကတော့ ခင်ဗျားတို့အပေါ် မူတည်ပါတယ်။

ပြီးတော့ ခင်ဗျားရဲ့ နောက်ခံအချက်အလက်က ဘာပဲဖြစ်ဖြစ် တရားဥပဒေစိုးမိုးမှုက အရမ်းအရေးကြီးပါတယ်။ တရားဥပဒေစိုးမိုးမှုကို လွှမ်းခြုံစေရပါမယ်။ ခင်ဗျားတရားရုံးကို သွားတယ်ဆိုရင် ခင်ဗျားမှာ ပိုက်ဆံ မရှိတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သြဇာပါဝါ မရှိတာပဲဖြစ်ဖြစ် ခင်ဗျားမှန်တယ်ဆိုရင်တော့ တရားမျှတမှုအတိုင်း ဖြစ်စေရပါမယ်။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ သင်ယူလာခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးတုန်းက ဆိုဗီယက်ယူနီယံနဲ့အကြား အရမ်းကို ဆိုးရွားတဲ့ စစ်ပွဲကြီး ဖြစ်ခဲ့တယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ နိုင်ငံကတော့ စည်းစည်းလုံးလုံး ရှိခဲ့တယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ဟာ ဆင်းရဲချမ်းသာမရွေး၊ နောက်ခံဘက်ဂရောင်း မရွေး ဘယ်သူပဲဖြစ်ဖြစ် တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ကာကွယ်ပေးနိုင်စွမ်း ရှိခဲ့ပါတယ်။ အဲဒီ အတိုင်းပဲ ကျွန်တော်တို့ဟာ မှန်ကန်တဲ့ ဦးတည်ချက်နဲ့ ဆက်သွားနိုင်ခဲ့ပြီး စီးပွားရေးအရရော၊ သာယာဝပြောမှုမှာပါ မြင့်တက်လာနိုင်ခဲ့ပါတယ်။ ခုဆိုရင် ကျွန်တော်တို့ဟာ ခိုင်မာတဲ့ ဒီမိုကရေစီ နိုင်ငံ ဖြစ်နေပြီ။ ရွေးကောက်ပွဲတွေကနေတဆင့် အစိုးရကို ရွေးချယ်နိုင်နေပြီ ဖြစ်ပါတယ်။

ကျွန်တော်ဆိုရင် အတိုက်အခံ ခေါင်းဆောင်တစ်ဦးအနေနဲ့ ၁၈ နှစ်ကြာ ရပ်တည်ခဲ့ရပါတယ်။ အဲဒါက အချိန် တကယ် ကြာခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ မဲပေးတဲ့အခါ၊ ကျွန်တော်တို့ ကောင်းကောင်း ယှဉ်ပြိုင်ခဲ့ကြတဲ့အတွက် ခုဆိုရင် ကျွန်တော်တို့ဟာ အစိုးရအဖွဲ့ထဲမှာ ရှိနေပါပြီ။ ဒါပေမယ့် နောက်အစိုးရက ကျွန်တော်တို့ ဖြစ်ချင်မှ ဖြစ်လိမ့်မယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိထားပါတယ်။  ဒါကတော့ ဒီမိုကရေစီ ရဲ့ သင်ခန်းစာပါ။ တစ်ဘက်က  ခင်ဗျားက ရွေးကောက်ပွဲမှာ နိုင်တယ်ဆိုရင် တစ်ခြားတစ်ဘက်မှာတော့ ရှုံးတဲ့သူတွေက ဒါကို အသိအမှတ်ပြုပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် ခင်ဗျားသိတဲ့အတိုင်း မျှတတဲ့ စနစ်တစ်ခုသာ ရှိမယ်ဆိုရင် ဒီတစ်ချိန် ကျွန်တော် ရှုံးသွားရင်လည်း နောက်တစ်ကြိမ်ကျရင် ကျွန်တော် ပြန်အနိုင် ရနိုင်ပါတယ်။ အဲဒီလို ယုံကြည်မှုသာ ရှိမယ်ဆိုရင် ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့ အရှုံးကို လက်ခံနိုင်ပြီး ကောင်းပြီး နောက်တစ်ကြိမ်ကျရင်တော့ ငါပြန်နိုင်မှာပေါ့ဆိုပြီး ခင်ဗျားတွေးမိမှာ ဖြစ်ပါတယ်။

ဖင်လန်နိုင်ငံဟာ ဆိုရင် ပညာရေးပိုင်းမှာလည်း အရမ်းကို ကောင်းမွန်ပါတယ်။ မြန်မာနဲ့ ဖင်လန်အကြား ပညာရေးပိုင်းမှာ ယှဉ်ကြည့်ရင် တမူကွဲထွက်နေတဲ့ ပရိုဂရမ်တွေများ ရှိနေပါသလား၊ ဒီပညာရေးနယ်ပယ်မှာ ဖင်လန်နိုင်ငံရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကနေ ကျွန်တော်တို့ မြန်မာနိုင်ငံ ဘာတွေများ ရရှိနိုင်ပါသလဲ။

ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးရေး အကူအညီအောက်မှာ ပညာရေးဆိုတာက မြန်မာနိုင်ငံနဲ့ ကျွန်တော်တို့ ပူးပေါင်း လုပ်ဆောင်နေတဲ့ အကြီးဆုံးအရာတွေထဲက တစ်ခုဖြစ်ပါတယ်။ အဲဒါက အရမ်းအရေးကြီးပါတယ်။ ယောက်ျားလေးရော မိန်းကလေးရော တူညီတဲ့ အခွင့်အရေးတွေ ရှိကြပါတယ်။ လူမှုအခွင့်အရေးတွေ တိုးမြင့်ရရှိစေဖို့အတွက် ပညာရေးက နည်းလမ်းတစ်ရပ် ဖြစ်ပါတယ်။ အဲဒီတော့ ဆရာ၊ ဆရာမတွေကလည်း တော်နေထက်နေရမှာ ဖြစ်ပါတယ်။ အခြေခံကျတဲ့အချက်က စာသင်ခန်းထဲမှာ ခင်ဗျားတကယ်တမ်းလိုတာက ဆရာနဲ့ ကျောင်းသားဖြစ်ပါတယ်။ တက်ဘလက်တွေ ကွန်ပြူတွေ အားလုံးကတော့ ကောင်းတော့ကောင်းပါတယ်။ ဒါပေမယ့် ဒါတွေက ပိုပြီးအရည်အချင်းပြည့်မီတဲ့ ဆရာတစ်ဦးနဲ့အတူ သုံးသင့်တဲ့ အရာတွေ ဖြစ်ပါတယ်။ ဒီနေရာက ဆရာဆရာမတွေကလည်း ယုံကြည်စိတ်ချရပြီး ဆန်းသစ်တီထွင်တဲ့ နည်းလမ်းတွေနဲ့ သင်ကြားတဲ့အခါ ကျောင်းသား၊သူ လူငယ်တွေကလည်း သင်ယူလိုစိတ်ရှိလာမှာဖြစ်ပါတယ်။

အဲဒီလို သင်ယူလိုစိတ်ကို မောင်းနှင်ပေးခြင်းက အရမ်းအရေးကြီးပါတယ်။ လူတွေ အထူးသဖြင့်ငယ်ရွယ်တဲ့ ကလေးငယ်တွေဟာ ကျောင်းသွားဖို့အတွက် တစ်နေ့ကို ကီလိုမီတာနဲ့ချီပြီး ပြေးလွှား သွားလာနိုင်ကြတာကို ကမ္ဘာပေါ်မှာ မတူညီတဲ့ နေရာဒေသတွေမှာ ကျွန်တော် တွေ့ခဲ့ပါတယ်။ ကျွန်တော်တို့ လူ့အသိုင်းအ၀ိုင်းမှာကတော့ အကွာအဝေး သုံးကီလိုမီတာ ကျော်တယ်ဆိုရင် ကလေးတွေကို အငှားယာဉ်နဲ့ ပို့ပေးကြပါတယ်။ ကျွန်တော်ထင်ပါတယ်၊ ဒါကတော့ ချဲ့ကားတဲ့ ပုစ္ဆာတစ်ခု ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားမှာ လုပ်ချင်ကိုင်ချင်စိတ် စိတ်ဓာတ်တက်ကြွမှု အားကောင်းနေမယ်၊ တော်တဲ့ ဆရာဆရာမတွေလည်း ရှိနေတယ်၊ ကောင်းတဲ့ သင်ကြားရေးအစီအစဉ်တွေ ရှိနေမယ်၊ ကိုယ့်နိုင်ငံက တက္ကသိုလ်တွေကိုသာမက ကမ္ဘာတစ်ဝန်းက တက္ကသိုလ်တွေမှာပါ ထပ်လျှောက်လို့ရနိုင်အောင် ခင်ဗျားတက်တဲ့ အခြေခံစာသင်ကျောင်းက ကောင်းမယ် အဆင့်မြင့်နေမယ်ဆိုရင် ပညာရေးက ကောင်းသွားပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ ခုချိန်မှာ ပြည်ပနိုင်ငံတွေမှာ သွားရောက်ပညာသင်ကြားနေကြသူ အများကြီး ရှိနေပါတယ်။ အဲလိုမှ မဟုတ်ဘဲ ခင်ဗျားတို့ရဲ့ အခြေခံပညာသင်ကြားရေးစနစ် မကောင်းဘူးဆိုရင်တော့ ခင်ဗျားအနေနဲ့ အရည်အချင်း ပြည့်မီချင်မှ ပြည့်မီပါလိမ့်မယ်။

ပညာရေးလိုမျိုး ဖင်လန်နဲ့ မြန်မာအကြား ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ အခြား ပရိုဂရမ်တွေများ ရှိပါသေးသလား။

ကျွန်တော်က ပညာရေးနယ်ပယ်က ကျွမ်းကျင်သူတစ်ယောက် မဟုတ်ဘူးဆိုပေမယ့် ဒီမှာ အလုပ်လုပ်တဲ့ ကျွမ်းကျင်သူတွေ ကျွန်တော်တို့မှာ ရှိနေပါတယ်။ ဖင်လန်သံရုံးက တည်ခင်းတဲ့ အခမ်းအနား တစ်ခုမှာလည်း သူတို့ထဲက တစ်ချို့နဲ့ ကျွန်တော်တွေ့ပြီးခဲ့ပါပြီ။ ခုဆိုရင် ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေးရတာ အနှစ်၁၀၀ ပြည့်ခဲ့ပါပြီ။  ကျွန်တော်တို့ဟာ အစောပိုင်း အဆင့်တွေမှာပဲ ရှိနေသေးတယ်လို့ ကျွန်တော်ထင်ပါတယ်၊ အဲဒီလိုနဲ့ ကျွန်တော်တို့ အများကြီး လုပ်သွားနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ မြန်မာနိုင်ငံအနေနဲ့ ဖင်လန်နိုင်ငံဆီကနေ သင်ယူလေ့လာလိုတဲ့အချက်က ကျွမ်းကျင်မှု အရည်အချင်း တည်ဆောက်ခြင်း ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ရော မြန်မာအပေါ် ၀န်ကြီးအနေနဲ့ ဘာများ အကြံပြုချင်ပါသလဲ။

သဘောထားအမြင် တစ်ခုလုံးက အရမ်းအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အစောပိုင်းကာလတစ်ခုကနေ ကျွန်တော်တစ်ခုခု ကို သင်ယူခဲ့မယ်ဆိုရင် အဲဒါဟာ နောက် အနှစ် လေးဆယ်၊ ဒါမှမဟုတ် ငါးဆယ်လောက်မှာ ကျွန်တော်ကို အဲဒီသင်ယူထားခဲ့မှုက အလုပ်တစ်ခု အာမခံပေးနိုင်တယ်ဆိုတာပါ၊ အဲဒါကို ခင်ဗျား ယုံချင်မှ ယုံပါလိမ့်မယ်။ ခင်ဗျား အလုပ်လုပ်နေချိန်အတွင်း သင်ယူမှုတွေ လုပ်နေရမှာ ဖြစ်သလို ခင်ဗျား အလုပ်ရှင်ကနေ ပံ့ပိုးပေးတဲ့ သင်တန်းတွေကို တက်ပြီးတော့လည်း လေ့လာသင်ယူရမှာဖြစ်ပါတယ်။ ဒါ တော်တော်လေးကို အရေးကြီးပါတယ်။  ခင်ဗျားသာ အမြော်အမြင် ပြည့်ဝတဲ့ အလုပ်ရှင်တစ်ယောက်ဆိုရင် ခင်ဗျားလုပ်ငန်း ကုမ္ပဏီအတွက် အကြီးဆုံး အရင်းအမြစ်က ခင်ဗျားရဲ့ ၀န်ထမ်းတွေ ဖြစ်တယ်ဆိုတာ ခင်ဗျား သဘောပေါက်ပါလိမ့်မယ်။  သူတို့ကို စိတ်ဓာတ် တက်ကြွအောင်လုပ်ပေးတာ၊ သူတို့အရည်အချင်းတွေ တိုးတက်နိုင်မယ့် အခွင့်အလမ်းတွေ ပေးတာ၊ နောက်အဆင့်တွေအထိ တိုးတက်နိုင်မယ့် အခွင့်အလမ်းတွေ ပေးတာမျိုးကို လုပ်ရမှာဖြစ်ပါတယ်။  

တကယ်ဆိုရင်လည်း ဒီအစီအစဉ်တွေရဲ့ အသေးစိတ်နဲ့ပတ်သက်လို့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် စည်းမျဉ်းမူဝါဒ ကိုတော့ သိပါတယ်။ အဲဒီ စည်းမျဉ်း မူဝါဒက အရမ်းကောင်းပါတယ်။  ကျွန်တော် နိုင်ငံရေး စလုပ်တုန်းက ဆိုရင်  ကျွန်တော် ကွန်ပြူတာအကြောင်း ဘာတစ်ခုမှ မသိခဲ့ပါဘူး။ ၁၉၉၅ အင်တာနက်ခေတ် ရောက်လာပြီး ၁၉၉၉ ခုနှစ်မှာ ကျွန်တော်က ပါတီ ဒုဥက္ကဌ ဖြစ်နေပါပြီ။ အဲဒါကြောင့် အဲဒီလို မိုဘိုင်းဖုန်းတွေနဲ့ပတ်သက်လို့ ကျွန်တော် အားလုံး သင်ယူခဲ့ရပါတယ်။ ကျွမ်းကျင်မှု အသစ်တွေ ပေါ်လာတိုင်း ကျွန်တော်တို့ သင်ယူကြရပါမယ်။  တစ်ခုကတော့ ခင်ဗျားအနေနဲ့ အမြဲတမ်း သင်ယူနေဖို့ ကိုယ့်ကိုယ့်ကိုယ် အားပေးနေရမှာဖြစ်ပါတယ်။ ဒါပေမယ့် ခင်ဗျားအတွက် ခင်ဗျား အရည်အချင်းတွေကို ပိုတိုးတက်စေမယ့် အကူအညီတွေ၊ သင်တန်းတွေတော့ တက်ရမှာဖြစ်ပါတယ်။ ပြီးတော့ ဘာသာစကားဆိုတာကလည်း တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ပြောဆိုရာမှာ တော်တော်ကို အရေးကြီးလာ နေပါပြီ။  ကျွန်တော်သတိထားမိတာက ကွန်ပြူတာတွေနဲ့ အလုပ်လုပ်နေကြသူတွေ၊ အထူးသဖြင့် လူငယ်တွေ ကြည့်ရတာ အင်္ဂလိပ်စာကို လေ့လာသင်ယူမှုမှာ အားနည်းနေသလိုပါပဲ။ ဒါပေမယ့် ပထမဆုံးတစ်ခုက ခင်ဗျားရဲ့မိခင် ဘာသာစကားဖြစ်ပါတယ်။ ဒါကတော့ အရေးကြီးဆုံး ဘာသာရပ်ဖြစ်ပါတယ်။ အဲဒီပြီးမှ နောက်အရေးကြီးတဲ့ အရာတွေ လာပါတယ်။ ဘာသာစကားဆိုတာက ကိုယ်ပိုင်လက္ခဏာသာ ဖြစ်ပါတယ်။

ရခိုင်အရေးကိစ္စ ကိုင်တွယ်ရာမှာ မြန်မာအနေနဲ့ အရမ်းကြီးမားတဲ့ စိန်ခေါ်မှုကြီးတစ်ခုနဲ့ ရင်ဆိုင်နေရတယ်လို့ ၀န်ကြီးလည်း သိထားမှာပါ၊ နိုင်ငံတကာ မီဒီယာတွေမှာရောပေါ့။ အဲဒီတော့ မြန်မာရဲ့ စိန်ခေါ်မှုကို ဘယ်လိုမြင်ပါသလဲ၊ ဘယ်လိုမျိုး အကောင်းဆုံး စီမံဖြေရှင်းသွားနိုင်ပါသလဲ။

ဒါကတော့ တကယ့်ကို အရေးပါမှုတွေ၊ လေးနက်မှုတွေ ရှိနေတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါက ကျွန်တော်ခရီးသွားတဲ့ကိစ္စ ဖော်ပြတဲ့ ဖင်လန်သတင်းစာတွေထဲမှာ ပါမှာဖြစ်ပါတယ်၊ ဒီ ကိစ္စကို ငါတို့ ဘယ်လို တားဆီးရပ်တန့်မလဲ၊ ဒါနဲ့ပတ်သက်လို့ ငါတို့ရဲ့ နိုင်ငံခြားရေး ၀န်ကြီးကရော ဘာပြောသလဲ၊ ပြောတဲ့ မက်ဆေ့ခ်ျကရော အဆင်ပြေလား ဆိုတာပဲဖြစ်ပါတယ်။ တကယ်တမ်းမှာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အကြား သီးသန့်တွေ့ဆုံ စဉ်မှာသာမကဘဲ အခြား ဥရောပ၀န်ကြီးတွေနဲ့အတူ တွေ့ဆုံးစဉ်မှာ ကျွန်တော် ပြောခဲ့တာ ရှိပါတယ်။  ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အကြမ်းဖက်မှုတွေကို ရပ်တန့်အောင် ကျွန်တော်တို့ တားဆီးရမယ်၊ လူတွေကို သတ်နေတာက လုံးဝကို လက်မခံနိုင်စရာ ကိစ္စပါ။ လူသားချင်း စာနာမှုအကူအညီတွေ ၀င်ခွင့်ရဖို့ ခင်ဗျားအာမခံပေးရပါမယ်၊ နောက်ပြီး ဒုက္ခသည်တွေ သူတို့နေအိမ်တွေ ပြန်လာနိုင်အောင် အဆင်ပြေမယ့် အနေအထား ခင်ဗျား ဖန်တီးပေးရပါမယ်။ နောက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား ဥပမာအနေနဲ့ သဘောတူညီချက် လိုအပ်ပါတယ်။ MoU လည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ တစ်ခြား သဘောတူညီချက်တစ်ခုခုလည်း ဖြစ်နိုင်ပါတယ်။

ဒါကိုတော့ ရှင်းရှင်းလင်းလင်း လုပ်ရမယ်လို့ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတဲ့နေရာမှာ ဒါကအရေးကြီးနေလို့ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ဒါက မြန်မာလို နိုင်ငံတစ်နိုင်ငံကို လောင်းရိပ်တစ်ခုအောက် ရောက်သွားစေမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မသိနိုင်တဲ့ သမိုင်းနောက်ခံ အချက်အလက်တစ်ချို့ ရှိနေတယ်ဆိုရင်တောင်မှ ဒီနိုင်ငံမှာ ဒီလိုမျိုး များပြားကြွယ်ဝတဲ့ သဘာဝအရင်းအမြစ်တွေ ခင်ဗျားတို့မှာ ရှိနေပါတယ်။ ဒါပေမယ့် ခုချိန်မှာ ရလဒ်တွေက ခုလောလောဆယ် အရမ်းကြီးမကောင်းသေးဘူးလို့ ကျွန်တော်တို့ မြင်နိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ မိတ်ဆွေနိုင်ငံဖြစ်တဲ့ ဖင်လန်အနေနဲ့ ပြောရရင်  ဒီအခြေအနေကို နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့အတူတကွ ပြင်ဆင်ရမယ်လို့ ကျွန်တော်တို့မှာ ပြောဖို့ တာဝန်ရှိတယ်လို့ ခံစားမိပါတယ်။ ဘာလို့လဲဆိုတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေးမှုတွေက အရမ်းကို အရေးကြီးလှပါတယ်။ ရခိုင်ကိစ္စဆိုရင် ဖြေရှင်းဖို့ အရမ်းကို အရေးကြီးပါတယ်။ အဲဒီလို ခံယူနားလည်မှု ခင်ဗျားတို့ ပေးနိုင်မယ်ဆိုရင် နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း မြန်မာအပေါ် သိရှိနားလည်ပြီး ယုံကြည်သွားပါလိမ့်မယ်။

ဖင်လန်နဲ့ မြန်မာအကြား ကုန်သွယ်မှု တိုးမြင့်ရေးနဲ့ပတ်သက်လို့ရော ဘယ်လိုထင်မြင်မိပါသလဲ။

မနေ့တုန်းက ကျွန်တော်တို့သံရုံးက ဒီ နှစ် ၁၀၀ ပြည့် ဧည့်ခံပွဲအခမ်းအနားကို ကျင်းပပေးနိုင်ခဲ့တာ ကျွန်တော်အလွန်ပဲ ၀မ်းမြောက်မိပါတယ်။ ဘာလို့လဲ ဆိုတော့ တစ်စိတ်တစ်ဒေသအားဖြင့် ဒီမှာလုပ်ကိုင်နေကြတဲ့ ကျွန်တော်တို့ရဲ့ ဖင်လန် ကုမ္ပဏီတွေအားလုံး တက်ရောက်လာကြလို့ပါ။ စီးပွားရေး လုပ်ငန်းရှင်တွေဆီကနေ လိပ်စာကဒ်တွေအများကြီး ကျွန်တော်ရခဲ့တယ်။ ဒီမှာ ဒီလောက်တောင် ကုမ္ပဏီတွေအများကြီး ရှိနေပါလားဆိုပြီး ကျွန်တော် အံ့အားသင့်ခဲ့ရပါတယ်။ ဥပမာအနေနဲ့ Nokia ဆို ဒီမှာ ရှိနေတယ်။ တစ်ချို့ ခရီးသွားအေဂျင့်တွေ ဒီမှာ ရှိနေကြတယ်၊ တစ်ချို့လည်း ရေပေးဝေးရေးစနစ်တွေမှာ လုပ်ကိုင်နေကြတယ်၊ NGO တွေလည်း ရှိနေတယ်၊ အစရှိသဖြင့်ပေါ့။  ဒီလိုဆိုတော့ ဒါက ကောင်းမွန်စွာ စတင်ခြင်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း စိန်ခေါ်မှုတွေက ဘာတွေလဲ ဆိုတာ သိအောင်လုပ်ဖို့၊ အလိုက်သင့် ဖြေရှင်းရဖို့လည်း ရှိပါသေးတယ်။  ဘယ်ကိစ္စတွေကိုတော့ ဘယ်လိုလုပ်သင့်သလဲဆိုတာ နားလည်အောင်လုပ်ရပါဦးမယ်။  ဥပမာအနေနဲ့ ဆက်သွယ်ရေးလုပ်ငန်းမှာ အစကောင်းတစ်ခု ရှိထားတာ အရမ်းအရေးကြီးပါတယ်။ ဒီ ရန်ကုန်မှာ ဆိုရင် မိုဘိုင်းဖုန်းတွေက ကောင်းကောင်းကြီး အသုံးတည့်နေကြပြီ။ ဆက်သွယ်ရေးလိုင်းတွေက တော်တော်လေး ကောင်းနေကြပြီ။ ဒါပေမယ့် မြို့တော်ပြင်ပကို ထွက်လိုက်တဲ့အခါ အခက်အခဲတွေ ရှိနေတာကို တွေ့ရပါတယ်။ Nokia ဆိုရင် ကမ္ဘာပေါ်က အကောင်းဆုံးတစ်ခု ဖြစ်ပါတယ်။

ပြီးတော့ စီးပွားရေး အခွင့်အလမ်းတွေကလည်း ရှိနေပါတယ်။ သစ်တောကဏ္ဍမှာဆိုရင် ခင်ဗျားတို့နိုင်ငံမှာ သစ်ပင်တွေ၊ သစ်တောအရင်းအမြစ်တွေ အများကြီး ရှိနေတယ်။ တစ်ခြားနိုင်ငံတွေမှာတော့ ဒီလောက် မရှိကြပါဘူး။ ဒါကြောင့် ဒီကဏ္ဍမှာ လုပ်လို့ရနိုင်တာအများကြီး ရှိတယ်။ အင်ဂျင်နီယာလုပ်ငန်း၊ အိုင်စီတီ၊ အဲဒီကဏ္ဍတွေမှာလည်း အခွင့်အလမ်းတွေ အများကြီး ရှိနေတယ်။ ကျွန်တော်တို့ သိထားသလို ဖင်လန်မှာဆိုရင် ပြိုင်ဆိုင်မှုကအရမ်းကြီးပါတယ်။ နောက်ပြီး ဒီမှာ အဆောက်အအုံတွေ အများကြီး ရှိနေတာကို တွေ့ရပါတယ်။ နေပြည်တော်မှာဆိုလည်း ဆောက်လုပ်ရေး ဆိုဒ်တွေ ရှိနေပါတယ်။ ကျွန်တော် သေချာပြောနိုင်တာက စီးပွားရေးအခွင့်အလမ်းတွေက ကြီးမားပါတယ်။ ဒီမှာ ကျွန်တော်တို့ စီးပွားရေးအခွင့်အလမ်းတွေကို အလေးအနက်ထားမလုပ်ဘူးဆိုရင် တစ်ခြား တရုတ်နိုင်ငံသားတွေက ဒီမှာ ရှိနှင့်နေပြီ ဆိုတဲ့အကြောင်းကို ဥရောပကိုရော ဖင်လန်ကိုပါ သတင်းစကား သယ်သွားပါမယ်။ ကျွန်တော်တို့ဟာ ကောင်းတဲ့ ထုတ်ကုန်တွေ ရှိရပါမယ်။ ဒါပေမယ့် ပြိုင်ဆိုင်နိုင်မယ့် ကျင့်ဝတ်တွေနဲ့ လုပ်ရပါမယ်။ မြန်မာ့စီးပွားရေးမှာ ကျွန်တော်တို့ရဲ့ နေရာ ရဖို့လုပ်ရပါမယ်။ နောက်ပြီးတော့ ဖင်လန်နိုင်ငံမှာ မြန်မာနိုင်ငံသား ၂,၀၀၀ လောက် ရှိနေတယ်လို့ မျှော်လင့်ရပါတယ်။ ဒါကြောင့် ခင်ဗျားတို့နဲ့ အကြား စီးပွားရေးလုပ်ဖို့၊ ခင်ဗျားတို့ကို ထောက်ကူနိုင်ဖို့ ကျွန်တော်တို့ကို ကူညီဆက်သွယ်နိုင်မယ့် လူတစ်ချို့ ရှိမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။

မြန်မာနိုင်ငံမှာ ရှိနေတဲ့ အခိုက်မှာ အမှတ်အရ ဆုံးအခိုက်အတန့်က ဘာများဖြစ်မလဲ။

မြို့တော်ကနေ ဒီကို လေယာဉ်နဲ့ ရောက်လာပြီး ကောင်းမွန်တဲ့ အမှတ်တရဖြစ်စရာအခိုက်အတန့်တွေ အများကြီး ရှိပါတယ်။ ဒီမှာ ဘာမှ မထိမခိုက်ကျန်ရစ်ခဲ့တဲ့ သဘာဝအရင်းအမြစ်တွေ အများကြီး ရှိနေတာ တွေ့ရတော့ ရင်သပ် ရှုမောဖွယ်ပါပဲ။ ဒီက တောရိုင်း သဘာဝက ဘယ်လိုရှိမလဲ သိချင်လိုက်တာလို့ တွေးမိပါတယ်။ တစ်ချိန်ကျရင် အလုပ်တာဝန်နဲ့မဟုတ်ဘဲ ဒီမှာ သီးသန့်လာ အပန်းဖြေအနားယူမယ် ဆိုပြီးတော့တောင် ကျွန်တော် စဉ်းစားမိပါတယ်။ အစားအသောက်တွေကလည်း အရမ်းကောင်းပါတယ်။ တကယ်တမ်းဆိုရင် ကျွန်တော်တို့ သံရုံးဖွင့်ပွဲ အခမ်းအနားမှာရော၊ ဖင်လန်လွတ်လပ်ရေး အနှစ် ၁၀၀ ပြည့်အခမ်းအနားမှာပါ မြန်မာပြည်သူတွေ အများကြီး ပါဝင်ဆင်နွှဲခဲ့ကြတာကို တွေ့ရတော့ ကျွန်တော် တကယ်ပဲ ၀မ်းသာရပါတယ်။ ဒီအခမ်းအနားတွေမှာ အစိုးရ၀န်ကြီးရော၊ ဖင်လန်ရဲ့ မိတ်ဆွေသူငယ်ချင်း မြန်မာပြည်သူတွေအများကြီး တက်ရောက်ခဲ့ကြပါတယ်။ နှစ်လိုဖွယ် အကောင်းဆုံး အခိုက်အတန့်တစ်ခုကတော့ ခုမနက် ကျွန်တော် ဟိုတယ်အပြင်ဘက် ရေကူးတဲ့အချိန် ဖြစ်ပါတယ်။ ကျွန်တော်လည်း နိုးကြားနေခဲ့ချိန်မှာ မြို့တစ်မြို့လုံး နိုးထလာခဲ့ပါတယ်။ ဒါက အရမ်းကောင်းတဲ့ အခိုက်အတန့်ပါပဲ။

တစ်ခြား ဖြည့်စွက် ပြောကြားချင်တာများ ရှိပါသေးသလား။

အဓိကအားဖြင့်တော့ ကျွန်တော် ဒီမှာ ရှိနေရတဲ့အတွက် မြန်မာအစိုးရနဲ့ ပြည်သူတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဟာ အရမ်းကောင်းတဲ့ ခရီးတစ်ခုကို လာရတာဖြစ်ပါတယ်။ ကျွန်တော်ကိုလည်း နွေးထွေးပျူငှာစွာ ကြိုဆို ဆက်ဆံခဲ့ကြပါတယ်။ ဒါဟာ အပြုသဘောဆောင်တဲ့ ခရီးတစ်ခု ဖြစ်တယ်လို့ ကျွန်တော် ပြောရပါမယ်။ ဒီက မိတ်ဆွေတွေနဲ့လည်း အခက်အခဲကိစ္စတွေအကြောင်း ဆွေးနွေးနိုင်ခဲ့ပါတယ်။  ရှင်းလင်းရမယ့် ပြဿနာကိစ္စတွေ၊ အလေးထားလုပ်ဆောင်သွားရမယ့် ကိစ္စတွေ ရှိနေတယ်ဆိုတာကို ကျွန်တော်တို့ ရိုးရိုးသားသား ဆိုရမှာဖြစ်ပါတယ်။ ဒီနည်းနဲ့ ရှေ့ဆက်သွားရမှာ ဖြစ်ပါတယ်။