ရန်ကုန်၊နိုဝင်ဘာလ၂၂ ။ ။ မော်တော်ယာဉ်စာအုပ်အရ အကြောင်းရင်းတစ်စုံတစ်ရာပေါ်ပေါက်ခဲ့လျှင် အမည်ပေါက်သူသာ တာဝန်ရှိကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ယနေ့နိုဝင်ဘာ၂၂ရက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ပြောကြားခဲ့သည်။
မော်တော်ယာဉ်များကို တစ်ဆင့်ဝယ်ယူသည့် ယာဉ်ပိုင်ရှင်များသည် မိမိအမည်ပေါက်ပြန်လည်မပြောင်းလဲဘဲ၊ ပြောင်းလဲရာတွင် အခွန်ဆောင်မှု၊ ကြန့်ကြာမှုများရှိနေသည့်အတွက် စည်ကမ်းထိန်းသိမ်းရာတွင် မည်ကဲ့သို့ဆောင်ရွက်မည်ကို ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က မေးမြန်းရာတွင် ထိုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
"အမည်မပြောင်းကြခြင်းကြောင့် တရားဥပဒေစိုးမိုးရေးနှင့် ယာဉ်စည်းကမ်း ထိန်းသိမ်းနိုင်ရေးတို့တွင် အခက်အခဲများရှိနေကြောင်း ၊သို့ပါ၍ မော်တော်ယာဉ်များနှင့်ပတ်သက်သော မှန်ကန်တိကျသည့် အချက်အလက်များ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့တွင် ရှိနေစေရေး မည်သို့မည်ပုံဆောင်ရွက် လျက်ရှိသည် ကိုသိလိုပါကြောင်း"ဟု ဦးနေဘုန်းလတ်က မေးမြန်းခဲ့သည်။
ယာဉ်လက်ဝယ်ရှိသူများအနေဖြင့် အခွန်ပေးဆောင်ရန် ငွေကြေးအခက်အခဲရှိနေ၍ အမည်ပြောင်းလဲမှု မလုပ်ဆောင်ခြင်းဖြစ်သည်ဟု ဒေါ်နီလာကျော်မှ ဆိုသည်။
ယာဉ်လက်ဝယ်ရှိသူများသည် ပိုင်ဆိုင်သူအမည်ပြောင်းလဲလိုပါက ပြည်တွင်းအခွန်ဦးစီးဌာန၌ အခွန်ပေးဆောင်ကာ အခွန်ပုံစံ(၁)မူရင်းဖြင့် ယာဉ်စစ်ဆေးပြီး အမည်ပြောင်းလဲခြင်းအား ဆောင်ရွက်ပေးလျက် ရှိသည်။
မော်တော်ယာဉ်မှတ်ပုံတင်စာအုပ် ကမ(၃) စာမျက်နှာ(၁၃) သတိပြုရန် အချက်များတွင် အကြောင်းအရင်း တစ်စုံတစ်ခုဖြစ်ပွားပါက အမည်ပေါက်သူတွင်တာဝန်ရှိကြောင်း ဖော်ပြထားသည်။
မြန်မာတစ်နိုင်ငံလုံး၌ ကားအစီးရေ ၉သိန်းကျော်ရှိနေသည်။
၎င်းတို့ထဲတွင် ကားအစီးရေ၂သိန်းကျော်သည်အမည်ပေါက်ကားများ ဖြစ်ကြသည်။