NCA ၏အဓိက ရည်မှန်းချက်သည် ထာဝရငြိမ်းချမ်းရေးဟု ဗိုလ်ချုပ်ကြီးရာပြည့် ပြော

NCA ၏အဓိက ရည်မှန်းချက်သည် ထာဝရငြိမ်းချမ်းရေးဟု ဗိုလ်ချုပ်ကြီးရာပြည့် ပြော

ရန်ကုန်၊ နိုဝင်ဘာ ၂၀ ။         ။ NCA ၏အဓိက ရည်မှန်းချက်က ထာဝရငြိမ်းချမ်းရေးဖြစ်သည်ဟု JMC-U  ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြော ဆိုလိုက်သည်။

ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ၁၃ ကြိမ်မြောက် ပြုလုပ်နေသည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ  (JMC-U) ၏ ပုံမှန်အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ NCA ရဲ့အဓိက ရည်မှန်းချက်က ထာဝရငြိမ်းချမ်းရေး ဖြစ်ပါတယ်။ လက်နက်ကိုင်လမ်းစဉ်တွေ စွန့်လွှတ်ပြီးတော့မှ ဒီဘက်က ရွေးကောက်ပွဲလမ်းစဉ် တွေရောက်ရှိလာဖို့အတွက် နိုင်ငံရေးဆိုင်ရာ   တွေ့ဆုံဆွေးနွေးခြင်းနဲ့ အဖြေရှာဆောင်ရွက်သွားဖို့ ပြောချင်ပါတယ် ။ ဒါကျွန်တော်တို့ရဲ့ အဓိကလမ်း စဉ်ဖြစ်ပါတယ် ”  ဟု ဗိုလ်ချုပ်ကြီးရာပြည့်က ဆိုသည်။

JMC-U ၏ ၁၃ ကြိမ်မြောက်အစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် များ၏ နယ်မြေအတွင်း မိုင်းရှင်းလင်းရေးကိစ္စ၊ နော်ဝေနိုင်ငံနှင့် နီပေါနိုင်ငံများသို့ ငြိမ်းချမ်းရေးအတွက် လေ့လာရေးခရီးစဉ်ကိစ္စများကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

JMC သည် လက်နက်ကိုင်အဖွဲ့များ တစ်ဖက်နှင့် တစ်ဖက်အကြား တိုက်ပွဲများမဖြစ်စေရန် ညှိနှိုင်းပေးသည့် ကော်မတီ ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့မှ JMC-U ဒုဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးကလည်း “ဘယ် ငြိမ်းချမ်းရေးဖြစ်စဉ်မဆို တရားမျှတတဲ့ငြိမ်းချမ်းရေး ရရှိဖို့လိုပါတယ်”  ဟု အဖွင့်အမှာစကားတွင် ပြောဆိုသည်။

အပစ်ရပ်လက်မှတ် မထိုးသေးသည့်အဖွဲ့များကို NCA မှတစ်ဆင့် ငြိမ်းချမ်းရေးတွင် ပါ၀င်လာနိုင်ဖို့ ဖိတ်ခေါ်ဆွေးနွေးလျှက်ရှိကြောင်း သိသည့်အတွက် အထူးဝမ်းသာကြောင်းလည်း ၄င်းက ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags