အိန္ဒိယစာရေးဆရာမ ရေးသားသည့် မြန်မာအမျိုးသမီးများပုံရိပ်ကို ထင်ဟပ်စေသော စာအုပ် မိတ်ဆက်

အိန္ဒိယစာရေးဆရာမ ရေးသားသည့် မြန်မာအမျိုးသမီးများပုံရိပ်ကို ထင်ဟပ်စေသော စာအုပ် မိတ်ဆက်

ရန်ကုန်   နိုဝင်ဘာ  ၁၁ ။            ။ " မြန်မာ့အမျိုးသမီးအသံ၊ ဒေါ်ခင်မျိုးချစ်မှသည် ဒေါ်အောင်ဆန်းစုကြည်" အမည်ရှိ စာအုပ်သစ် မိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ လမ်းမတော်ရှိ Yangon Book Plaza တွင် နိုဝင်ဘာလ ၁၀ ရက်နေ့၊ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

ယင်းစာအုပ်တွင် မူရင်းစာအုပ်ရေးသားသူ အိန္ဒိယ နိုင်ငံသူ စာရေးဆရာမ Nilanjana Sengupta က ဒေါ်အောင်ဆန်းစုကြည်အကြောင်းအပါအဝင်  ဒေါ်ခင်မျိုးချစ်၊ လူထုဒေါ်အမာနှင့် မသီတာ(စမ်းချောင်း) စသည့် မြန်မာနိုင်ငံမှ ထင်ရှားကျော်ကြား သည့် မြန်မာအမျိုးသမီးကြီး ၄ ဦးအကြောင်းကို ရေးသားထားသည်။ ယင်းစာအုပ်ကို ရေးသားရန် အတွက် Nilanjana Sengupta အနေနှင့် မြန်မာ နိုင်ငံသို့ အကြိမ်ကြိမ်လာရောက် သုတေသနပြုခဲ့ရ သည်။

မြန်မာအမျိုးသမီးများ၏ ထူးခြားမှုများကို သိချင်မိကြောင်း၊ အထူးသဖြင့် မြန်မာအမျိုးသမီးကြီးများ ဘာကြောင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိရသလဲ ဆိုသည့်သိချင်စိတ်ကို အခြေခံပြီး၊ ယင်းစာအုပ်ကို ရေးသားခဲ့သည်ဟု မူရင်းစာအုပ်ရေးသားသူ အိန္ဒိယနိုင်ငံသူ စာရေးဆရာမ Nilanjana Sengupta က ပြောသည်။

" ကျွန်မလည်း အမျိုးသမီးပဲ၊ လက်ထပ်ထားသူပဲ၊ မိခင်တစ်ယောက်ပဲ၊ သူတို့လည်း အဲဒီလိုပဲ၊ ဒါပေမယ့်ကျွန်မနဲ့မတူဘဲနဲ့ ဘာဖြစ်လို့ ဒီလောက် မျိုးချစ်စိတ်တွေ၊ နိုင်ငံချစ်စိတ်တွေ   ပြင်းထန်နေရသလဲဆိုတဲ့အချက်ကို ကျွန်မအနေနဲ့ သူတို့ အကြောင်းတွေကို သိချင်စိတ် အင်မတန်ပြင်းထန်ပါတယ်၊ ဒါကြောင့် ရေးဖြစ်သွားတာပါ" ဟု စာရေးဆရာမ Nilanjana Sengupta က ပြောသည်။

ယင်းစာအုပ်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင်ရေးဆွဲထားသည့် ပန်းချီလက်ရာကိုလည်း ပုံနှိပ် ဖော်ပြထားပြီး၊ ၂၀၁၂ ခုနှစ်က စတင်ရေးသားခဲ့ပြီး ၃ နှစ်ကြာ ၂၀၁၅ တွင် စာအုပ်ထုတ်ဝေခဲ့ပြီး၊ ယခု ၂၀၁၇ ခုနှစ်မှ မြန်မာဘာသာဖြင့် ဘာသာပြန် ရိုက်နှိပ်ခြင်းဖြစ်သည်။

" ဒီစာအုပ်မှာ အထူးသဖြင့် မြန်မာအမျိုးသမီးတွေ အဲဒီခေတ် အဲဒီအခါက ဖြတ်သန်းတဲ့အခါမှာ ဘယ်လိုတုံ့ပြန်ကြသလဲ၊ ဘယ်လိုတွေးမြင်ကြ သလဲဆိုတာ အဓိက ရည်ရွယ်တယ်လို့ပဲမြင်တယ်၊ သူတွေးထားတဲ့အတွေးတွေကို သူလေ့လာတွေ့ ရှိသမျှနဲ့ရေးသားထားတာပဲဖြစ်ပါတယ်၊ ဒါက ကျွန်မ တို့အကြောင်းလို့ ပြောရမှာလည်း ခက်ပါတယ်၊ ဒါပေမယ့် ကျွန်မတို့အကြောင်းလည်း ပါပါတယ်၊ ဒီမြန်မာစာပေလောက အတော်ကြီးထင်ဟပ်တယ်၊ စာပေလောကမှာ ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံ တွေပေါ်မူတည်ပြီးတော့ မြန်မာအမျိုးသမီး စာရေးဆရာတွေက ဘယ်လိုမျိုးတုံ့ပြန်ခဲ့သလဲ၊ ဘယ်လိုမျိုးနည်းပေါင်းစုံသုံးခဲ့ရသလဲပေါ့နော်၊ သူတို့ အသံတွေထွက်နိုင်အောင်လို့ဆိုတဲ့ အဓိက အကြောင်းအရာတွေကို အခြေခံထားတာပါပဲ" ဟု စာရေးဆရာမ မသီတာ(စမ်းချောင်း)က ပြောသည်။

အဆိုပါ စာအုပ်မိတ်ဆက်ပွဲတွင် ပြည်တွင်းပြည်ပ စာရေးဆရာများ၊ စာပေဝါသနာရှင်များ တက် ရောက်ခဲ့ကြပြီး၊ ရေးသူဖတ်သူ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required