YBS ၅၇ တွင် ကားဟောင်းများအစား ကိုရီးယားထုတ်ကားသစ်များ ပြောင်းလဲပြေးဆွဲပြီ

YBS ၅၇ တွင် ကားဟောင်းများအစား ကိုရီးယားထုတ်ကားသစ်များ ပြောင်းလဲပြေးဆွဲပြီ

ရန်ကုန်၊ နိုဝင်ဘာ ၉ ။             ။ မြို့တွင်းပတ် YBS ၅၇ တွင် လက်ရှိ တရုတ်နိုင်ငံထုတ်ကားဟောင်းများနေရာတွင် ကိုရီးယားနိုင်ငံထုတ် ဘတ်စ်ကား ၁၀ စီးကို ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့က စတင်ကာ ပြောင်းလဲပြေးဆွဲခဲ့ကြောင်း သိရသည်။

"အစ်ကိုတို့ ကုမ္ပဏီကနေပြီးတော့ ဟွန်ဒိုင်းဇီးကွက်လို့ ခေါ်တဲ့ကားအသစ်တွေ စတင်ပြီး သွင်းပေးတယ်။ အခုအချိန်မှာ  ၁၀ စီး စတင်သွင်းပေးတယ်။ ပြီးလို့ရှိရင် ရက်ပိုင်းအတောအတွင်းမှာပဲ  ၁၀ စီးသော်လည်း ကောင်း ထပ်ဝင်မယ်"ဟု ကိုကျော်ကျော်မြတ်က မဇ္ဈိမသို့ ပြောသည်။

၅၇ ယာဉ်လိုင်းအနေဖြင့်  ယာဉ်လိုင်းးရှိ ယာဉ်များအားလုံးအား ကားသစ်များဖြင့် လှဲလှယ်သွားမည်ဖြစ်ပြီး YBS စတင်ပြေးဆွဲချိန်က တရုတ်နိုင်ငံထုတ် ယူတုန်း(Yutong)ကားအဟောင်း ၅၂ စီးဖြင့် ပြေးဆွဲခဲ့သည်။ လက်ရှိ တွင် တရုတ်နိုင်ငံထုတ် ကားဟောင်း ၁၅ စီးဝန်းကျင်သာ ပြေးဆွဲနိုင်တော့ပြီး ကျန်ကားများမှာ ပြင်ဆင်ရန် အခြေအနေများ ဖြစ်ပေါ်နေသဖြင့် သခင်မြပန်းခြံအနီး ကမ်းနားလမ်းပေါ်တွင် ရပ်နားထားရသည်။

" ဒီ ကားတွေက ဂျံုးဂျံုးကျနေပြီ။ သွင်းကတည်းက ဂျံုးဂျံုးကျတဲ့ကားတွေ ။ အဲဒီတော့ဘေးတွေမှာပဲ ထိုးထားတယ်။ ဒီမှာ ကားဟောင်းတွေကျတော့ ကားသချႋုင်းလိုဖြစ်သွားပြီ"ဟု YBS ၅၇ ယာဉ်လိုင်း၏ စည်းကမ်းထိမ်းသိမ်းရေးတာဝန်ခံ ကိုကျော်ကျော်မြတ်က ပြောသည်။

တရုတ်နိုင်ငံမှ ကားဟောင်းများဖြစ်သည့်အတွက် ပြင်ဆင်လျှင်လည်း ကြာရှည်မခံပဲ မကြာခဏ စက်ချို့ယွင်းမှု ဖြစ်ပေါ်ခြင်း၊ စက်ပျက်ခြင်း၊ အဲကွန်း မအေးခြင်း၊ မိုးယိုခြင်းတို့ကြောင့် ယခုကဲ့သို့ ကိုရီးယားကားများဖြင့် အစားထိုးရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းကားလိုင်းမှ သိရသည်။

"ယူတုန်းတွေကတော့ ကားကြီးတဲ့အခါကျတော့ အယူအဆလေးတွေ ဆားဗစ်အရ နည်းနည်းလေးတော့ စကားပြောတယ်ခင်ဗျ။ ဒီလိုနောက်ဆုံးပေါ်တဲ့ ဇီးကွက်လိုကားကျတော့ ပိုအဆင်ပြေတယ်"ဟု ၅၇ ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုမျိုးဇော်ထက်က ပြောသည်။

YBS ၅၇ သည် သခင်မြပန်းခြံမှစတင်ကာ ဗိုလ်တစ်ထောင် လင်းစဒေါင်းအထိ ပြေးဆွဲပေးနေပြီး ရွှေရန်ကုန် ကုမ္ပဏီ( ယခင် Aerostar ကုမ္ပဏီ) မှ တာဝန်ယူပြေးဆွဲပေးနေသည့် မြို့တွင်းပတ်ယာဉ်လိုင်းတစ်ခု ဖြစ်ကာ ၁၁ လ သက်တမ်း ရှိပြီ ဖြစ်သည်။

"ပိုပြီးတော့ အဆင်ပြေပြေ ခရီးသည်တွေအတွက်လုပ်ပေးမယ်ဆိုရင်တော့ အများကြီး ပိုကောင်းလာနိုင်ပါ တယ်"ဟု YBS ၅၇ လိုက်ပါစီးနင်းသည့် ခရီးသည် ဒေါ်မိမိခိုင်က ပြောသည်။

 လက်ရှိတွင် ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့မှ YBS ကားများ သတ်မှတ်စည်းကမ်းလိုက်နာမှု ရှိမရှိ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး YBS ကားလိုင်းများတွင် ကားသစ်များ ပြောင်းလဲပြေးဆွဲနေကြကာ ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီပိုင်ယာဉ်လိုင်း ၅ လိုင်းမှ  ဒီဇင်ဘာလ နောက်ဆုံးထားပြီး ကားသစ်များဖြင့် လဲလှယ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags