တက္ကဆက်သေနတ်သမားမှာ စိတ်ကျန်းမာရေးဆေးရုံသို့ တက်ရောက်ဖူးသူတစ်ဦးဖြစ်ကြောင်း တွေ့ရှိ

တက္ကဆက်သေနတ်သမားမှာ စိတ်ကျန်းမာရေးဆေးရုံသို့ တက်ရောက်ဖူးသူတစ်ဦးဖြစ်ကြောင်း တွေ့ရှိ

ဆက်သာလန်းစပရင်း၊ တက္ကဆက်၊ နိုဝင်ဘာ ၈ ။             ။ ပြီးခဲ့သောအပတ်က တက္ကဆက်ဘုရားရှိခိုးကျောင်းတစ်ကျောင်း၌ လူပေါင်း ၂၆ ဦးကို သေနတ်နှင့်ပစ်သတ်ခဲ့ သော သေနတ်သမား ဒက်ဗင်ကယ်လီသည် သူ၏သားငယ်နှင့် ဇနီးသည်ကို နှိပ်စက်အနိုင်ကျင့်မှုကြောင့် နယူးမက္ကစီကိုရှိ စိတ်ကျန်းမာရေးဆေးရုံသို့ တက်ခဲ့ရဖူးသူဖြစ်ပြီး ထိုဆေးရုံမှလွန်ခဲ့သော ၂၀၁၂ ခုနှစ်က ထွက်ပြေးရန်ကြိုးစားခဲ့သူဖြစ်ကြောင်း အယ်လ်ပတ်ဆိုရဲတပ်ဖွဲ့၏ အစီရင်ခံစာအရ သိရသည်။

တက္ကဆက်ဘုရားရှိခိုးကျောင်းထဲသို့ သေနတ်နှင့်ဝင်ရောက်ပစ်ခတ်ခဲ့သော ကယ်လီသည် အခင်းဖြစ်ပွားရာ နေရာမှ ထွက်ပြေးရန်ကြိုးပမ်းစဉ်တွင် ဒေသခံတစ်ဦးကသူ့ကို   သေနတ်နှင့်နှစ်ကြိမ်ခန့်ပစ်ခတ်ဟန့်တားခဲ့ပြီး ထို့နောက်တွင် သူ့ဦးခေါင်းကိုသူပစ်ကာ သတ်သေခဲ့သည်။

အင်္ဂါနေ့တွင်ထုတ်ပြန်ခဲ့သော ရဲတပ်ဖွဲ့၏မှတ်တမ်းများအရ ကယ်လီသည် နယူးမက္ကစီကိုပြည်နယ် ဆန်တာ တာရီဆာမြို့ရှိ ပိခ်ဘီဟေဗီရိုရယ်လ် စိတ်ကျန်းမာရေးဆေးရုံမှ လွန်ခဲ့သော ၂၀၁၂ခုနှစ်တွင် ထွက်ပြေးလွတ် မြောက်သွားခဲ့ပြီး သူ့ကိုအယ်လ်ပတ်ဆိုမြို့လယ်ခေါင်ရှိ ဘတ်စ်ကားဂိတ်၌ ပြန်လည်ဖမ်းမိခဲ့ကြောင်း သိရသည်။

ထိုအချိန်တုန်းက ကယ်လီသည် အသက် ၂၁နှစ်အရွယ်ခန့်ရှိပြီး စိတ်ရောဂါဝေဒနာကို ခံစားနေခဲ့ရသူဖြစ်သည် ဟု မျက်မြင်သက်သေများ၏ ပြောဆိုချက်ကို မှတ်တမ်းထဲ၌ ဖော်ပြထားသည်။ ဒါ့အပြင် မျက်မြင်သက်သေများ က သူသည် သူ့ကိုယ်သူနှင့် အခြားသူများအတွက် အန္တရာယ်ရှိသူဟု ပြောဆိုခဲ့ကြောင်း ထိုမှတ်တမ်း၌တွေ့ရ သည်။

ကယ်လီသည် နယူးမက္ကစီကိုရှိ ဟိုလိုမန်းလေတပ်စခန်း၌ လက်နက်များဖွက်ထားခဲ့သည်ကို တွေ့ရှိရကြောင်း မှတ်တမ်းထဲရှိ အချက်အလက်များအရသိရသည်။

လွန်ခဲ့သော ၂၀၁၀ခုနှစ်က လေတပ်ထဲသို့ဝင်၍ စစ်မှုထမ်းခဲ့ဖူးသည့်ကယ်လီသည် သူ၏မိသားစုကို နှိပ်စက် အနိုင်ကျင့်ခဲ့သည့်အတွက် စစ်ခုံရုံးသို့အတင်ခံခဲ့ရပြီး ၁၂လခန့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရဖူးသည်။ ဒါ့အပြင် သူ၏ ရာထူးကိုလည်း လျှော့ချခဲ့ပြီး မလျော်ကန်သောအပြုအမူများကြောင့် စစ်တပ်ထဲမှ ထုတ်ပယ်ခံခဲ့ရသူဖြစ်သည်။

ပြီးခဲ့သောတနင်္ဂနွေနေ့က ကယ်လီသည် တက္ကဆက်ဘုရားကျောင်းထဲသို့ ၀င်ရောက်ပစ်တ်ခတ်ခဲ့ပြီး အခင်းဖြစ် ပွားရာနေရာမှ ထွက်ပြေးရန်ကြိုးပမ်းစဉ်တွင် နယ်ခံတစ်ဦးက သူ၏ရင်ဘတ်နှင့်ခြေထောက်ကို သေနတ်နှင့် ပစ်ခတ်ကာ တားဆီးခဲ့သည်။ ထို့နောက်တွင် ကယ်လီသည် သူ့ကိုယ်သူသတ်သေသွားခဲ့သည်ကို တွေ့ရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly