တက္ကဆက်ဘုရားကျောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူများထဲ၌ ကိုယ်ဝန်သည်တစ်ဦးနှင့် ကလေး ၁၀ဦး ပါ၀င်

တက္ကဆက်ဘုရားကျောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူများထဲ၌ ကိုယ်ဝန်သည်တစ်ဦးနှင့် ကလေး ၁၀ဦး ပါ၀င်

ဆက်သာလန်းစပရင်း၊ တက္ကဆက်၊ နို၀င်ဘာ ရ ။            ။ တက္ကဆက်ပြည်နယ်သမိုင်း၌ အဆိုးရွားဆုံးနှင့် လူအသေအပျောက်အများဆုံးဖြစ်သော လူအစုလိုက်အပြံုလိုက် တိုက်ခိုက်ခံရသည့်ဖြစ်ရပ်တစ်ခု ဆန်အန်တိုနီယိုမြို့အရှေ့တောင်ပိုင်းရှိ ဆက်သာလန်းစပရင်းမြို့ငယ်လေးမှ နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့သူ ၂၆ ဦးထဲ၌ ကလေးငယ် ၁၀ ဦးကျော်နှင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး ပါ၀င်ခဲ့ကြောင်း သိရသည်။

သေနတ်သမား ဒီဗင်ကယ်လေ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသွားခဲ့သူစာရင်းအတိအကျကို အာဏာပိုင်များက တရားဝင်ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း သေဆုံးသူများ၏ ဆွေမျိုးများနှင့် မိတ်ဆွေများက ယင်းစာရင်းကို အတည်ပြုပေးခဲ့ခြင်းဖြစ်ပြီး ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။

သေဆုံးခဲ့သော ကလေးငယ်များထဲ၌ ထိုဘုရားရှိခိုးကျောင်းမှသင်းအုပ်ဆရာ ဖရန့်ခ်ပွန်မာရိုင်း၏ ၁၄ နှစ်အရွယ် သမီးလေးလည်း ပါ၀င်ခဲ့ကြောင်းသိရသည်။ သေနတ်ပစ်ခတ်မှုဖြစ်ပွားချိန်၌ သင်းအုပ်ဆရာနှင့် သူ၏ဇနီးသည် တို့သည် အိုခလာဟိုးမားပြည်နယ်သို့ ခရီးသွားနေခဲ့ခြင်းဖြစ်သည်။

အသက် ၂၆ နှစ်အရွယ်ရှိ သေနတ်သမားကယ်လေသည် အော်တိုရိုင်ဖယ်တစ်လက်ကိုအသုံးပြု၍ ဘုရား ကျောင်းအပြင်ဘက်နှင့် အတွင်းဘက်နှစ်ခုစလုံးကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိုလုပ်ရပ်ကြောင့် လူပေါင်း ၂၆ ဦး သေဆုံးခဲ့ယုံသာမက အခြားလူပေါင်း ၂၀ခန့်လည်း ဒဏ်ရာရရှိခဲ့ပြီး ထိုထဲမှ ၁၀ဦးခန့်မှာ စိုးရိမ်ရသော အခြေ အနေတွင်ရှိကြောင်း သိရသည်။

၀မ်းနည်းဖွယ်ရာဖြစ်ရာမှာ ဒေသခံမိသားစုတစ်စုမှ မိသားစုဝင် ၈ ဦးခန့် သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ထိုထဲ၌ ကိုယ်ဝန် ၈ လခန့်လွယ်ထားရသော ကိုယ်ဝန်ဆောင်မိခင်တစ်ဦးလည်းပါ၀င်ခဲ့သည်။ သေနတ်သမားကြောင့် သေဆုံးခဲ့ရသူများမှာ အသက် ၁၇ လမှ ရ၇ နှစ်အရွယ်ရှိသူများဖြစ်ကြကြောင်း သတင်းဌာနများမှ ဖော်ပြခဲ့ကြ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly