ဆီးရီးယားလေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၁၀၀ နီးပါးသေဆုံး

ဆီးရီးယားလေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၁၀၀ နီးပါးသေဆုံး

ဒမတ်စကပ်၊ သြဂုတ် ၁၈ ။       ။ မြို့တော်ဒမတ်စကပ်အပြင်ဘက်ရှိ သူပုန်များထိန်းချုပ်ထားသော မြို့တစ်မြို့ကို ဆီးရီးယားအစိုးရတပ်များက လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် လူ၁၀၀နီး ပါးသေဆုံးခဲ့မှုအပေါ် ထိတ်လန့်မိကြောင်း ကုလသမဂ္ဂအရာရှိများက ထုတ်ဖော်ပြောကြားခဲ့ပြီး ယင်းသို့တိုက်ခိုက်မှုမှာ လက်ခံနိုင်ဖွယ်မရှိကြောင်းလည်း ပြောကြားခဲ့သည်။

သူပုန်တို့၏ အရှေ့ဂူတာခံတပ်ရှိ ဒူမာမြို့ကို သြဂုတ် ၁၆က တိုက်ခိုက်မှုများသည် လေးနှစ်ကြာနေပြီဖြစ်သည့် ဆီးရီးယားစစ်ပွဲတွင် အစိုးရ၏ သွေးအစွန်းဆုံးတိုက်ခိုက်မှုများအနက် တစ်ခုအပါအဝင်ဖြစ် သည်။ အဆိုပါဒေသကိုပင် လွန်ခဲ့သည့်နှစ်နှစ်က ဓါတုလက်နက်များဖြင့် တိုက်ခိုက်မှုများကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဆီရီးယားအစိုးရကို အပြစ်တင်ခဲ့သည်။

ယခုတိုက်ခိုက်မှုများကို မည်သည့်နည်းနှင့်မျှလက်ခံနိုင်ဖွယ်မရှိဟု ကုလ၏ဆီးရီးယားဆိုင်ရာသံတမန် စတက်ဖန်ဒီမစ္စကျူရာက ပြောသည်။ ထို့အပြင် အဝေးရောက် ဆီးရီးယားအဓိကအတိုက်အခံအဖွဲ့ အမျိုးသားညွန့်ပေါင်းကလည်း ယင်းသို့လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ပွဲကြောင့် အရပ်သားများထိခိုက်သေကြေမှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်း၏ အားနည်းသည့်တုံ့ပြန်မှုအပေါ် ရှုတ်ချလိုက်သည်။

ဒူမာမြို့၏ ဈေးရှိရာနေရာတစ်ခုနှင့် အခြားအစိတ်အပိုင်းများအပေါ် လေကြောင်းတိုက်ခိုက်မှု ၁၀ခုပြုလုပ်ခဲ့မှုကြောင့် အနည်းဆုံး လူ ၉၆ ဦးသေဆုံးခဲ့ပြီး ၂၄၀ခန့်  ဒဏ်ရာရရှိခဲ့သည်ဟု ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။ အစိုးရလေယာဉ်များသည် သြဂုတ် ၁၇ နေ့နံနက်ကလည်း ဒူမာမြို့ကို နောက်ထပ်လေကြောင်းတိုက်ခိုက်မှု လေးခုပြုလုပ်ခဲ့သည်ဟု ၎င်းအဖွဲ့အကြီးအကဲ ရာမီအက်ဘ်ဒဲလ်ရာမန်က ပြောကြားခဲ့သည်။ သို့သော်လည်း ထိခိုက်သေဆုံးမှုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုမူ မသိရသေးဟု ဆိုသည်။

သူပုန်တို့၏ခံတပ် အရှေ့ဂူတာသည် အစိုးရ၏ လေကြောင်းပစ်မှတ် ပုံမှန်ဖြစ်နေခဲ့ပြီး နှစ်နှစ်နီးပါးကြာ မွန်းကြပ်သည့် တိုက်ခိုက်မှုကို ခံစားနေရသည်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကမူ စစ်တပ်နှင့် သူပုန်ပါစစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟု ပြောကြားလျက်ရှိသည်။

သမ္မတဘာရှားအယ်လ်အာဆတ်၏ အစိုးရကို ဆန့်ကျင်ကန့်ကွက်များနှင့် အတူ ၂၀၁၁ခုနှစ် မေလကစတင်ခဲ့သော ဆီးရီးယားစစ်ပွဲကြောင့် အနည်းဆုံး လူ ၂၄၀,၀၀၀သေဆုံးခဲ့ပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly