Shop.com.mm

မကွေးတွင် ကြက်သွန်နီဈေး ယခင်နှစ်ကထက် သုံးဆနီးပါး ဈေးတက်

.

မကွေး၊ နိုဝင်ဘာ ၆ ။           ။ မကွေးမြို့ပေါ်ရှိ ဈေးများတွင် ကြက်သွန်နီဈေးနှုန်းမှာ ယခင်နှစ် ရောင်းချသည့်ဈေးနှုန်းထက် သုံးဆနီးပါးဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။

ယခင်နှစ် ကြက်သွန်နီဈေးမှာ ၁ပိသာလျှင် အမြင့်ဆုံး ၇၀၀ ကျပ်မှ ၈၀၀ ကျပ်အထိသာ အရောင်းဝယ်ဖြစ် ခဲ့ပြီး ယခုနှစ်တွင် ကြက်သွန်နီ ၁ပိသာလျှင် ၂၄၀၀ ကျပ်မှ၂၈၀၀ ကျပ် ဈေးအထိ မြင့်တက်လာခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။

“ ပခုက္ကူ့မြို့မှာ ဒီနေ့ ဒိုင်ဖြတ်ဈေးက ၁၉၅၀ ကျပ်ဈေး ရှိပါတယ်။ အရင်ရက်တွေကထက် ဈေးနှုန်းက ၁၀၀ ကျပ်ကနေ ၂၀၀ ကျပ်အထိ ဈေးနည်းနည်းကျစပြုလာပါတယ်။ ရာသီဥတုကလည်း သိပ်မမှန်တော့ အ ရင်နှစ်တွေကထက် အထွက်နည်းတာလည်း ပါတယ်လေ။ ဒိုင်ဈေး ၁၉၅၀ကျပ်ကတော့ ကြက်သွန်အလုံးသန့် တာပေါ့။ ၁၇၂၅ ကျပ်ဈေးတန်က အလုံးမသန့်ဘူးဗျ” ဟု ပခုက္ကူ မြို့မှ ကြက်သွန်လုပ်ငန်းလုပ်ကိုင်သူ ကိုမိုး ဦးက ပြောသည်။

ကြက်သွန် လက်လီဈေးကွက် အရောင်းသွက်နေပြီး တရုတ်ကြက်သွန်ထက် ဈေးပိုများသော  မြန်မာ့မျိုးရင်း ကြက်သွန်က ပိုအ၀ယ်လိုက်ကြောင်း သိရသည်။

“ ဒီနေ့ မကွေး လက်လီရောင်းဈေးက ၂၄၀၀ ကျပ်ကနေ ၂၈၀ဝ ကျပ်ဈေးအထိ အရောင်းဝယ် လုပ်နေရပါတယ်၊ မြန်မာ့ဒေသမျိုးရင်း ကြက်သွန်နီဈေးကောင်းပေမယ့် အသုံးတည့်တယ် ၊ ကြာရှည်အထားခံတယ်။ တရုတ်ကြက်သွန်နီက ဈေးချိုတယ်၊ အသုံးမတည့်ဘူး။ စားသုံးသူက အလုံးကြီးလွန်းတော့ အကြိုက်နည်းကြတယ်၊ ဒါကြောင့်အရောင်းဝယ်ကျ မလိုက်ဘူးဗျ” ဟုမကွေးမြို့ ၊ ကြက်သွန်နီအရောင်းဝယ်လုပ်ငန်းလုပ်ကိုင်သူ ကိုဝင်းတင့်က ပြောသည်။

ကြက်သွန်နီဈေး မြင့်တက်သော်လည်း လတ်တလော အခြေအနေတွင် အရောင်းအဝယ် တန့်နေကြောင်း ဈေးကွက်အတွင်းမှ သိရပြီး မြန်မာ့ဒေသမျိုးရင်း ကြက်သွန်နီများကို ပခုက္ကူ-ရေနံချောင်း-ဆိပ်ဖြူမြို့များမှ လာရောက်တင်ပို့ရောင်းချကြောင်း သိရသည်။