နိုဝင်ဘာ ၂၊ ရန်ကုန်။ ။ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင်ကျင်းပပြုလုပ်နေသော ၂၀၁၇ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ သွင်းဂိုးအများဆုံးကစားသမားစာရင်းကို မြန်မာကစားသမား ပြည့်ဖြိုးမောင်နှင့်ထိုင်းကစားသမား အိုစမန်မူဆာ တို့ပူးတွဲဦးဆောင်နေသည်။
အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာဖူဆယ်အသင်းမှာ အုပ်စုအဆင့်ကိုကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်အဆင့်အထိတက်ရောက်နိုင်ခဲ့သော်လည်း ဆီမီးဖိုင်နယ်တွင် ထိုင်းကို ၈-၃ ဂိုးဖြင့်ရှုံးကာ ဗိုလ်လုပွဲနှင့်ဝေးခဲ့ရသည်။ မြန်မာဖူဆယ်အသင်းမှာ အုပ်စုအဆင့်ပွဲစဉ်များတွင် ဘရူနိုင်းကို ၁၃-၀ဂိုး၊ ဖိလစ်ပိုင်ကို ၂၅-၀ဂိုး၊ အင်ဒိုနီးရှားကို ၃-၂ဂိုးတို့ဖြင့်အနိုင်ရပြီး ဗီယက်နမ်ကို ၃-၀ဂိုးဖြင့်ရှုံးကာ အုပ်စုဒုတိယနေရာဖြင့်ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
ပြည့်ဖြိုးမောင်နှင့်အိုစမန်မူဆာတို့မှာ ဆီမီးဖိုင်နယ်ပွဲစဉ်များအပြီးတွင် သွင်းဂိုး ၁၂ဂိုးစီဖြင့်ဦးဆောင်နေခြင်းဖြစ်ပြီး ဗီယက်နမ်ကစားသမား သောင်လူအန်က ၁၀ဂိုးဖြင့်ဒုတိယနေရာတွင် ရပ်တည်နေသည်။ မြန်မာဖူဆယ်အသင်းမှာ အာဆီယံဖူဆယ်ချန်ပီယံရှစ်တတိယနေရာလုပွဲအဖြစ် နိုဝင်ဘာ ၃ ရက်တွင် အိမ်ရှင် ဗီယက်နမ်နှင့်ကစားရမည်ဖြစ်ပြီး ထိုင်းအသင်းနှင့်မလေးရှားအသင်းတို့က ဗိုလ်လုပွဲကစားရမည်ဖြစ်သည်။