နယူးယောက်အကြမ်းဖက်တိုက်ခိုက်မှုအတွင်း လူ ၈ဦးခန့်သေဆုံး

နယူးယောက်အကြမ်းဖက်တိုက်ခိုက်မှုအတွင်း လူ ၈ဦးခန့်သေဆုံး

 

နယူးယောက်၊ နို၀င်ဘာ ၁ ။        ။ နယူးယောက်မြို့ရှိလမ်းမကြီးပေါ်၌ အင်္ဂါနေ့က လမ်းသွားလမ်းလာများကို ပစ်ကပ်ကားတစ်စီးမောင်းလာသော အမျိုးသားတစ်ဦးက အရှိန်နှင့်ဝင်တိုက်ခဲ့သောကြောင့် လူပေါင်း ၈ဦးခန့် သေဆုံးခဲ့ရပြီး ယင်းလုပ်ရပ်သည် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း နယူးယောက်မြို့တော်ဝန် ဘီလ်ဒီဘလက်စီယိုက တိုက်ခိုက်မှုအပြီး တစ်နာရီခန့်အကြာတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌   ပြောကြားခဲ့သည်။

“အပြစ်မဲ့အရပ်သား ၈ဦးဟာ ဒီတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ကျနော်တို့သိလိုက်ရပါတယ်” ဟု မြို့တော်ဝန်က ပြောခဲ့သည်။ နယူးယောက်ရဲတပ်ဖွဲ့ (NYPD) သည် ယခုလုပ်ရပ်၏ သံသယတရားခံကို ဖမ်းဆီး ထားကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို လူတစ်ဦးတည်းကသာ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းနှင့် နောက်ထပ်ခြိမ်းခြောက်မှုများကို အာဏာပိုင်များဘက်မှ သတိမထားမိသေးကြောင်း နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒရူးကူအာမိုက ပြောခဲ့သည်။

သံသယတရားခံသည် အသက် ၂၉ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ကြောင်း နယူးယောက်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဂျိမ်းစ်အိုနေးလ်က ပြောခဲ့သည်။ ဒါ့အပြင် တရားခံသည် လမ်းသွားလမ်းလာများကို ကားနှင့်ဝင်တိုက် ပြီးနောက် ကားထဲမှထွက်လာစဉ်တွင် “ဘုရားသခင်သာ ကြီးမြတ်ရာ” ဟု အာရပ်ဘာသာစကားဖြင့် အော်ဟစ် ခဲ့သည် မှုခင်းအစီရင်ခံစာ၏ ဖော်ပြချက်ကို သူက အတည်ပြုပေးခဲ့သည်။

စုံစမ်းစစ်ဆေးမှုများကို ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုနှင့် နယူးယောက်ရဲတပ်ဖွဲ့တို့မှ ဆက်လက်လုပ်ဆောင်နေ ကြောင်း ရဲမှူးကြီးက ပြောခဲ့သည်။

ယင်းတိုက်ခိုက်မှုကြောင့် လူ ၆ ဦးခန့် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန်နှစ်ဦးမှာ ဆေးရုံသို့ရောက်ရှိချိန်၌ သေဆုံးခဲ့ကာ လူ ၁၁ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း နယူးယောက်မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်သောအချက်အလက်များအရ သိရ သည်။

ပစ်ကပ်ကားကိုမောင်းနှင်လာသော အမျိုးသားသည် လမ်းသွားလမ်းလာများနှင့် စက်ဘီးစီးသူများကို ၀င်တိုက် ခဲ့သည့်အပြင် အနီးရှိ ကျောင်းပို့ကျောင်းကြို ဘတ်စ်ကားတစ်စီးကိုလည်း ၀င်တိုက်ခဲ့ကြောင်း သိရသည်။

သမ္မတဒေါ်နယ်ထရမ့်က ယင်းတိုက်ခိုက်မှုကိုကျူးလွန်သူသည် စိတ်ဖောက်ပြန်ခြင်း၊ စိတ်ရူးထခြင်းကြောင့် ယခုလိုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အမေရိကန်ပြည်ထောင်စု၌ ထိုကဲ့သို့တိုက်ခိုက်မှုများ မဖြစ်ပွားသင့်ကြောင်း သူ၏တွစ်တာ၌ ရေးသားခဲ့သည်။

နယူးယောက်အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသူများထဲ၌ အာဂျင်တီးနားနိုင်ငံသားတစ်ဦး ပါ၀င်ခဲ့ ကြောင်း အာဂျင်တီးနားအစိုးရက မကြာမီတွင် ထုတ်ပြန်ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly