မောင်တော၌ လက်လုပ်ဗုံး အလုံး ၄၀ တွေ့ရှိ

မောင်တော၌ လက်လုပ်ဗုံး အလုံး ၄၀ တွေ့ရှိ
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 

ရန်ကုန် ၊ အောက်တိုဘာ ၃၀ ။            ။ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့ ၌ လက်လုပ်ဗုံး အလုံး ၄၀ ကို ရှာဖွေ တွေ့ရှိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ယမန်နေ့ အောက်တိုဘာ ၂၉ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မောင်တောမြို့ မြို့မမြောက်ရပ်ကွက်တွင် နေထိုင်သူ ဦးညွန့်တင်ဆိုသူက ယမန်နေ့ နံနက်ပိုင်းတွင် ၎င်း၏ နေအိမ်အနီးရှိ ချောင်းအတွင်းငါးရှာစဉ် မြောင်းကူးတံတားအောက် ရေစပ်၌ မသင်္ကာစရာ ပလတ်စတစ်ထုတ် တွေ့ရှိပြီး ဖွင့်ကြည့်ရာ အိတ်အတွင်း၌ နှစ်ဖက်ပိတ် ပလတ်စတစ်ပိုက်များ တွေ့ရှိခဲ့ပြီး မိုင်းအဖြစ် ယူဆခြင်းကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များထံ သတင်းပေးပို့ခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မိုင်းတွေ့ရှိရာနေရာသို့ သွားရောက်ရှင်းလင်းရာ အချင်း ၁ လက်မခွဲ၊ အရှည် ၆ လက်မရှိ ပီပီစီပိုက်ဖြင့် ပြုလုပ်ထားပြီး အတွင်း၌ Burgel အမျိုးအစား အားမြှင့်ယမ်းများနှင့် အချင်း ၁ စင်တီမီတာခန့် ဘောစေ့ အလုံး၁၀၀ ခန့်စီ ထည့်သွင်းထားသည့် လက်လုပ်ဗုံး အလုံး ၄၀ ကို တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယင်းသို့ တွေ့ရှိခဲ့သည့် လက်လုပ်ဗုံးများအား ပြည်သူများ ထိခိုက်မှု မရှိစေရန် သက်မဲ့အဖြစ် ပြုလုပ်ပြီး ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly