လက်ဆွဲအိတ်ဖြင့် သယ်ဆောင်လာသော စိတ်ကြွဆေးပြား ၂ဝဝဝ မြစ်ကြီးနားတွင် ဖမ်းမိ

လက်ဆွဲအိတ်ဖြင့် သယ်ဆောင်လာသော စိတ်ကြွဆေးပြား ၂ဝဝဝ မြစ်ကြီးနားတွင် ဖမ်းမိ
ဓာတ်ပုံ - ပြည်ထဲရေး

 

ရန်ကုန်၊ အောက်တိုဘာလ ၂၇ ။               ။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ရှဒေါင်ကျေးရွာ၊ အမှတ်(၄) နယ်မြေ၊ ဆွတ်အောင်ရာဘာခြံ လမ်းဆုံတွင် လက်ဆွဲအိတ်ဖြင့် သယ်ဆောင်လာသော စိတ်ကြွဆေးပြား ၂ဝဝဝ ပြားအား ဖမ်းဆီးရမိခဲ့ကြောင်း မြစ်ကြီးနား မြို့နယ်ရဲစခန်းမှ သိရသည်။

အောက်တိုဘာလ ၂၆ ရက်၊ မွန်းလွဲ ၂ နာရီခန့်အချိန်တွင် မြစ်ကြီးနားမြို့နယ် မူးယစ်တပ်ဖွဲ့စု ၂ မှရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ အမှတ်(၄) နယ်မြေ၊ ဆွတ်အောင်ရာဘာခြံလမ်းဆုံတွင်   ဇော်ဂျွန်းဆိုသူ အမျိုးသား တစ်ဦး သယ်ဆောင်လာသော လက်ဆွဲအိတ်အား ရှာဖွေစစ်ဆေးရာမှ အဆိုပါ ဆေးပြားများအား ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ စိတ်ကြွဆေးပြားတွေကို မြစ်ကြီးနား မူးယစ်တပ်ဖွဲ့စု ၂ က ရဲအုပ် ထွန်းထွန်းဝင်း ဦးစီးအဖွဲ့နေပြီးတော့ ဖမ်းမိခဲ့ တာပါ။ ဖမ်းမိတာကတော့ မြစ်ကြီးနားမြို့ရဲ့ ရှဒေါင်ရွာအနီးမှာပေါ့။ တရားခံနဲ့အတူ သူ့ရဲ့ လက်ဆွဲအိတ်ထဲက ဆေးပြား ၂ဝဝဝ ဖမ်းမိခဲ့တာဖြစ်ပါတယ်။ အခုလောလောဆယ်တော့ သူ့ကို မူးစိတ်ပုဒ်မနဲ့ အမှုဖွင့်ထားပါတယ်။ လက်ရှိမှာတော့ သူ့ကို ရမန်ယူပြီးတော့ စစ်ဆေးနေပါတယ်”   မြစ်ကြီးနား မြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

လက်ရှိတွင်စိတ်ကြွဆေးပြားများနှင့်အတူဖမ်းဆီးရမိခဲ့သော ဇော်ဂျွန်းဆိုသူအား မြစ်ကြီးနားမြို့နယ်မြေရဲစခန်း မှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ - ၁၅/ ၁၉ (က)ဖြင့် အမှုဖွင့် အရေးယူထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly