နေပြည်တော်၊ ဩဂုတ် ၁၇ ။ ။ ပြီးခဲ့သည့် တပ်မတော် အစိုးရလက်ထက်၊ တပ်မတော်အရာရှိဟောင်းများဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ထာဝစဉ်ရှင်သန်နေရန် လိုအပ်သလို စွမ်းအားရှိသည့် ပါတီတစ်ခုဖြစ်ရန်လည်း လိုသည်ဟု ပါတီ၏ ပူးတွဲဥက္ကဌ ဦးဌေးဦးက ပြောဆိုလိုက်သည်။
ဦးဌေးဦးက “ဒါဟာ သမိုင်းက ပေးအပ်လာတဲ့ ကျွန်တော်တို့ ပါတီဝင်များရဲ့ အဓိကကျတဲ့ တာဝန်ကြီး ဖြစ်တယ်လို့ နားလည်ခံယူကြရမှာဖြစ်ပါတယ်” ဟု ဆိုသည်။
အစိုးရရုံးစိုက်ရာ နေပြည်တော်ရှိ ပါတီရုံးချုပ်တွင် ဩဂုတ် ၁၇က ပြုလုပ်သည့် ပါတီဝင် အမတ်လောင်းများနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီတို့တွေ့ဆုံပွဲတွင် ဦးဌေးဦးက ပြောဆို လိုက်ခြင်းဖြစ်သည်။
ပါတီ၏ ဒုတိယဥက္ကဌဖြစ်ခဲ့သူ ဦးဌေးဦးသည် ဩဂုတ် ၁၃က ရုတ်ချည်းပြောင်းလဲသွားသည့် ပါတီ၏ရာထူးတာဝန်များပြောင်းလဲမှုတွင် သူရဦးရွှေမန်း၏ နေရာသို့ ရောက်ရှိလာသူ ဖြစ်သည်။
အဆိုပါ ပြောင်းလဲမှုတွင် သူရဦးရွှေမန်းအပါအဝင် ပါတီ၏ အကြီးအကဲအများစု ရာထူးမှ ဖယ်ရှားခံရသည်။
ဦးဌေးဦးက “ဒုတိယ ဥက္ကဋ္ဌ ဖြစ်တဲ့ ကျွန်တော်ကို ပါတီဥက္ကဋ္ဌတာဝန် ပူးတွဲတာဝန်ထမ်းဆောင်ဖို့ လွှဲပြောင်းပေးအပ်ထားပါတယ်။ ကျွန်တော်ရဲ့ ပါတီတာဝန်ဟာ ဒုတိယဥက္ကဋ္ဌသာဖြစ်ပါတယ်။
လွှဲပြောင်း ပေးအပ်ထားတဲ့ကာလအတွင်း ပူးတွဲဥက္ကဋ္ဌတာဝန် ယူပြီး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ရဲ့ စုပေါင်းခေါင်းဆောင်မှုနဲ့ အကောင်အထည်ဖေါ်သွားမှာ ဖြစ်ပါတယ်” ဟု တွေ့ဆုံပွဲတွင် ပြောဆိုသည်။
အဆိုပါ တွေ့ဆုံပွဲသို့ သမ္မတဦးသိန်းစိန်လည်း တက်ရောက်ခဲ့သည်ဟု ပါတီက ထုတ်ပြန်ထားသည်။