မြန်မာနဲ့ စစ်ရေးဆက်ဆံမှု သြစတြေးလျ ပုံမှန်အတိုင်း ဆက်လက်ထိန်းသိမ်း

မြန်မာနဲ့ စစ်ရေးဆက်ဆံမှု သြစတြေးလျ ပုံမှန်အတိုင်း ဆက်လက်ထိန်းသိမ်း
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

 

အောက်တိုဘာ ၂၅ ။                ။ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေကြောင့် မြန်မာနဲ့အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို ယူကေနဲ့ အမေရိကန်တို့ဘက်က ရပ်ဆိုင်းထားမှုတွေ ရှိခဲ့သော်ငြားလည်း သြစတြေးလျဆီမှာတော့ မြန်မာနဲ့အကြား ပူးပေါင်းမှု ရပ်ဆိုင်းမယ့် အစီအစဉ်မျိုး မရှိဘူးလို့  သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လနောက်ပိုင်း ခန့်မှန်းခြေအားဖြင့် ဘင်္ဂါလီ (ရိုဟင်ဂျာ) ဒုက္ခသည်ပေါင်း ၅၈၂,၀၀၀ ထိ မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားခဲ့ကြတယ်လို့ ကုလသမ္မဂက အစီရင်ခံထားပါတယ်။

သြစတြေးလျအစိုးရအနေနဲ့ မြန်မာအပေါ် စစ်ရေးအကူအညီ ဒေါ်လာ ၃၉၈,၀၀၀ ထိ သတ်မှတ်ချထားပေးကြောင်း ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတွေက လွှတ်တော်ကြားနာမှုတစ်ခုမှာ အလုပ်သမားပါတီ ဆိနိတ်တာ Louise Pratt ရဲ့ မေးမြန်းမှုကို ဖြေကြားရင်းနဲ့ ပြောကြားသွားပါတယ်။

မြန်မာနဲ့ပတ်သက်လို့ သြစတြေးလျအစိုးရက ပူးပေါင်းကူညီပေးမယ့် အဓိကကျတဲ့ နယ်ပယ်ဧရိယာတွေထဲမှာတော့ လူသားချင်းစာနာမှု အကူအညီထောက်ပံ့မှု၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ကူညီမှု၊ ငြိမ်းချမ်းရေးထိန်းသိမ်းမှုနဲ့ အင်္ဂလိပ်စာ လေ့ကျင့်သင်ကြားပေးမှုတို့ ပါဝင်နေပါတယ်။

ဒါ့အပြင် မြန်မာ့တပ်တော် အရာရှိတွေဟာလည်း လေ့ကျင့်သင်ကြားရေးသင်တန်းတွေ တက်ရောက်ဖို့ သြစတြေးလျကို သွားရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံနဲ့အကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းထားရှိဖို့က သြစတြေးလျ ဗဟိုအစိုးရရဲ့ မူဝါဒဖြစ်တယ်လို့ ဌာနတာဝန်ရှိသူ Scott Dewar က ပြောသွားပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly