စဉ့်ကိုင်ဆုတောင်းပွဲဓါတ်ပုံများမှာ NLDပါတီ အပေါ်လုပ်ကြံမှုဟုဆို

စဉ့်ကိုင်ဆုတောင်းပွဲဓါတ်ပုံများမှာ NLDပါတီ အပေါ်လုပ်ကြံမှုဟုဆို
ဓာတ်ပုံ - ဦးလှိုင်ဝင်း

 

ရန်ကုန် အောက်တိုဘာ ၂၅ ။                       ။ လူမှုကွန်ယက်အင်တာနက်ပေါ်တွင် ပြန့်နှံ့နေသည့် စဉ့်ကိုင်မြို့ဘာသာပေါင်းစုံ ဆုတောင်းပွဲနှင့်ပတ်သက်သည့် ဓါတ်ပုံ များမှာ NLDပါတီအပေါ် သက်သက်လုပ်ကြံ တိုက်ခိုက်ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်း က ယနေ့အောက်တိုဘာ ၂၅ ရက်နေ့က မဇ္ဈိမသို့ ပြောသည်။

ယမန်နေ့ အောက်တိုဘာ ၂၄ ရက်၊ ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့ဆုတောင်းပွဲတွင် ကိုရင်လေးများ မြေကြီးပေါ်တွင် သီတင်းသုံးနေရသည့်ဓါတ်ပုံများ လူမှုကွန်ယက်အင်တာနက်ပေါ်တွင် ပြန့်နှံ့ခဲ့ပြီး ပြင်း ထန်သည့်ဝေဖန်မှုတစ်ချို့ ရှိခဲ့သည်။

" အမှန်တော့ NLDက အလုပ်ကြံခံလိုက်ရတာပဲ ဗျ၊ အဲဒီပုံတွေက ကျွန်တော်တို့ အခမ်းအနားမစခင် အစောပိုင်းက ပုံတွေပါ၊ ဒါကလည်း စဉ့်ကိုင်မြို့နယ် က မြို့နယ်သံဃနာယကဆရာတော်ဘုရားကြီးများ အသိပါ၊ ဓါတ်ပုံတွေရဲ့မရိုးသားမှုကို" ဟု လွှတ်တော်ကိုယ်စား လှယ် ဦးလှိုင်ဝင်းက ပြောသည်။

ယင်းကိုရင်ငယ်များသည် စဉ့်ကိုင်မြို့နယ်၊ ရန်ကင်းကျောင်းတိုက်မှ တိုင်းရင်းသားစစ်ဘေး ရှောင် ကိုရင်ငယ်လေးများဖြစ်ပြီး ကျောင်းထိုင် ဆရာတော်ကြီးက စေလွှတ်ခဲ့ခြင်းဖြစ်သည်။

"ရန်ကင်းကျောင်းတိုက်က ဆရာတော်ဘုရားကြီးက စစ်ဘေးရှောင်တိုင်းရင်းသားကိုရင်ငယ်လေးတွေ လည်း သူတို့နဲ့လည်း ဒါ သက်ဆိုင်တယ်ဆိုပြီး လွှတ်လိုက်တာ၊ ကိုရင်လေးတွေလွှတ်တာ ကျွန်တော်တို့တောင်မသိဘူး၊ လွှတ်လိုက်တော့ လည်း သင့်တော်သလို ကျွန်တော်တို့က စီစဉ်ပေး ခဲ့ရတာ" ဟု ဦးလှိုင်ဝင်းက ပြောသည်။

ထိုင်ခုံများစီစဉ်ပေးနေသည့်အချိန်တွင် ကိုရင်ငယ် များက တွေ့သည့်နေရာဝင်ထိုင်ခြင်း ဖြစ်ကြောင်း၊ ပွဲစီစဉ်သူများအနေဖြင့်လည်း ထိုသို့ထိုင်စေလိုသော စိတ်ဆန္ဒလုံးဝမရှိကြောင်း၊ စီစဉ်သူများ ပွဲမစမီ ထိုင်ခုံသွားသယ်နေသည့်အချိန်တွင် ယင်းသို့ ဖြစ် ခဲ့ရသည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးလှိုင်ဝင်းက ဆက်လက်ပြောသည်။

ယင်းအခမ်းအနားတွင်သံဃာ့နာယက ဆရာတော် များ ကြွလာပြီး တိုက်ကျောင်းဆရာတော်က ကိုရင်ငယ်များကို ထိုင်ခုံနေရာချထား ပေးခဲ့ပြီး သံဃာ- ၁၀၀ကျော် သီလရှင်- ၃၀ကျော် အစ္စလာမ်ဘာသာခေါင်းဆောင်- ၇၀ကျော် ခရစ်ယာမ်ဘာသာမှခေါင်းဆောင်- ၁၀ကျော် နှင့် အားလုံး တက်ရောက်ခဲ့သူ (၈၀၀)ခန့် ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly