အောက်တိုဘာ ၂၁ ။ ။ ဘရာဇီးနိုင်ငံက ကိုယ်ပိုင်စာသင်ကျောင်းတစ်ခုမှာ အောက်တိုဘာ ၂၀ ရက်က ဆယ်ကျော်သက်အရွယ် ကျောင်းသားချင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့လို့ နှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အဆိုပါ ဖြစ်စဉ်ဟာ ဘရာဇီးနိုင်ငံအရှေ့မြောက်ပိုင်းက ဂွိုင်ယာနာမြို့မှာ ဖြစ်ခဲ့တာဖြစ်ပြီး သေနတ်ပစ်ခံရလို့ သေဆုံးသွားသူတွေက အသက် ၁၂ နှစ်နဲ့ ၁၃ နှစ်အရွယ်တွေသာ ရှိသေးတဲ့ ကျောင်းသားတွေ ဖြစ်ကြတယ်လို့ ဘရာဇီးရဲတပ်ဖွဲ့က ပြောပါတယ်။
သေနတ်ပစ်ခတ်ခဲ့တဲ့ သံသယရှိ တရားခံကလည်း အသက် ၁၄ နှစ်အရွယ်ရှိ ကျောင်းသားတစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
၎င်းလူငယ်ကျောင်းသားဟာ မကြာခဏဆိုလို အနိုင်ကျင့်ခံနေခဲ့ရလို့ ယခုလို သေနတ်နဲ့ ပစ်ပြီး ပြန်လက်တုန့်ပြန်ခဲ့တာဖြစ်ကြောင်း ပြည်တွင်း သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။
" မုန့်စား ကျောင်းဆင်းချိန်ရောက်တော့ သူက သူ့လွယ်အိတ်ထဲက သေနတ်ကို ထုတ်ပြီး စပစ်တော့တာပါပဲ၊ အဲဒီမှာ ကျောင်းသားတွေ အကုန်လုံး ထွက်ပြေးကြပါတယ်" ဆိုပြီး အခင်းဖြစ်ချိန်မှာ အနားမှာ ရှိခဲ့သူတစ်ဦးကို ကိုးကားပြီး G1 သတင်းဌာနက ဖော်ပြပါတယ်။
အလားတူ သေနတ်ပစ်ခတ်ခဲ့တဲ့ တရားခံကျောင်းသားဟာ ရဲဝန်ထမ်းတစ်ဦးရဲ့ သားဖြစ်ပြီး ဖခင်ဖြစ်သူအသုံးပြုတဲ့ ပစ်စတို သေနတ်ကို ယူလာပြီး ပစ်ခတ်ခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။
ယင်းနိုင်ငံကတော့ ကမ္ဘာပေါ်မှာ မှုခင်းဖြစ်ပွားမှု အများဆုံး နိုင်ငံတွေထဲကတစ်နိုင်ငံအဖြစ် ရှိနေသလို တစ်နှစ်လျင် လူသတ်မှုဖြစ်စဉ်ပေါင်း ၆၀,၀၀၀ နီးပါးထိ ဖြစ်ပွားနေလျက်ရှိကြောင်း သိရပါတယ်။