မော်စကို၊ အောက်တိုဘာ ၂၀ ။ ။ အမေရိကန်နိုင်ငံက ကရင်မလင် ထိန်းချုပ်သော မီဒီယာအုပ်စုဖြစ်သည့် RT အပေါ် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်လာပြီဆိုပါက မော်စကိုက လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ရုရှသမ္မတ ဗလာဒီမာပူတင်က အောက်တိုဘာ ၁၉ ရက်တွင် ပြောလိုက်သည်။
ဝါရှင်တန်သည် RT ရုပ်သံအား နိုင်ငံခြားကိုယ်စားလှယ်ရုံးအဖြစ် မှတ်ပုံတင်ရန် ဖိအားပေးလျက်ရှိပြီး ယင်းသို့ မှတ်ပုံတင်ရပါက အလုပ်သမားဝန်ထမ်းများနှင့် အင်တာဗျူးထားသူများ၏ ကိုယ်ရေးအချက်အလက်များကိုပါ တင်ပြခိုင်းနိုင်တော့မည် ဖြစ်သည်။
ဆိုချီတွင် နိုင်ငံတကာပညာရှင်များနှင့် တွေ့ဆုံသည့် Valdai Club နှစ်ပတ်လည်အစည်းအဝေးတွင် မိန့်ခွန်းပြောရာ ပူတင်က အမေရိကန်နိုင်ငံအတွင်း RT သတင်းဌာန၏ လုပ်ငန်းဆောင်တာများကို ဥပဒေလမ်းကြောင်းတွင်းက ကန့်သတ်မှုများ လုပ်ဆောင်လာလျှင် ရုရှနိုင်ငံတွင်းက အမေရိကန်မီဒီယာများကိုလည်း အလားတူ လုပ်ဆောင်မှုများဖြင့် တုံ့ပြန်သွားမည်ဟု ပြောခဲ့သည်။
“ကျွန်တော်တို့ကတော့ သူတို့ဖက်က လုပ်ရပ်အတိုင်း ချက်ချင်းဆိုသလို တုံ့ပြန်မှာ ဖြစ်တယ်။ ပါးရိုက်နားကိုက် တုံ့ပြန်မှုမျိုးကို ချက်ချင်းပဲ တုံ့ပြန်ပစ်မှာ ဖြစ်တယ်။”ဟု ပူတင်က ဆိုသည်။
အမေရိကန်တွင် RT သတင်းဌာနအား နိုင်ငံခြားကိုယ်စားလှယ်မှတ်ပုံတင်အက်ဥပဒေအရ အောက်တိုဘာ ၁၇ ရက် နောက်ဆုံးထား မှတ်ပုံတင်ရန် အကြောင်းကြားခံထားရကြောင်း RT သတင်းဌာနက ယခုလအတွင်း ထုတ်ပြောထားသည်။
ရုရှနှင့် အမေရိကန်ကြား ဆက်ဆံရေးသည် ၂၀၁၆ အမေရိကန် ရွေးကောက်ပွဲတွင် ရုရှခြေထိုးမှု ရှိမရှိ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခြင်းနှင့်အတူ စစ်အေးခေတ်နောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ ထိုးကျလျက်ရှိနေသည်။