သြဂုတ် ၁၇၊ မီလန် ။ ။ ကိုဗာဆီဗစ်ကို ရီးယဲလ်မက်ဒရစ်သို့ရောင်းချရရန် ဘဏ္ဍာရေးထိန်းချုပ်မှု စည်းမျဉ်းက အင်တာမီလန်အသင်းကို ဖိအားပေးနေသည်ဟု နည်းပြ မန်စီနီကပြောဆိုလိုက်သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ကိုဗာဆီဗစ်ကို ခေါ်ယူရန် ကနဦးပြောင်းရွှေ့ကြေး ယူရို ၃၂ သန်း၊ ထပ်ပေးရမည့်ငွေ ယူရို ၃ သန်းဖြင့် သဘောတူညီမှုရပြီးနောက် အင်တာမီလန်နည်းပြ မန်စီနီကပြောဆို လိုက်ခြင်းဖြစ်သည်။
အင်တာမီလန်အသင်းသည် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကွန်ဒေါ့ဘီယာကို ယူရိုသန်း ၄၀ သုံးစွဲခေါ်ယူခဲ့ရပြီး ဂျိုဗီတစ်နှင့် မွန်တိုယာတို့ရောက်လာမှုကြောင့်လည်း လစာအသုံးစရိတ်မြင့်တက် လာခဲ့ရာ အသင်းအနေဖြင့် ယူအီးအက်ဖ်အေ၏ ဘဏ္ဍာရေးထိန်းချုပ်မှု စည်းမျဉ်းနှင့် မငြိစွန်းစေရန် ကိုဗာဆီဗစ်၊ ရှာကွီရီတို့ကို ရောင်းချရခြင်းဖြစ်သည်ဟု မန်စီနီက ဝန်ခံခဲ့သည်။
"ဘာလုပ်နိုင်မှာလဲဗျာ။ လိုက်နာရမယ့် စည်းမျဉ်းတွေရှိတယ်လေ။ ဘဏ္ဍာရေးထိန်းချုပ်မှုစည်းမျဉ်းရှိနေပြီး ကျွန်တော်တို့ဘယ်သူမှ အလိုမရှိ ကြပေမဲ့ ကံမကောင်းစွာနဲ့ပဲ ယူအီးအက်ဖ်အေက ချမှတ်ထားတာ ကိုလက်ခံရမယ်လေ"ဟု မန်စီနီက ပြောသည်။
ရာသီကြိုပွဲစဉ်များတွင် ရလဒ်မကောင်းခဲ့သော်လည်း စီးရီးအေချန်ပီယံဆိုကို ဆက်လက်မျှော်လင့်နေဆဲဖြစ်ကြောင်းလည်း မန်စီနီက ပြောသည်။
အသက် ၂၁ နှစ်အရွယ်ရှိ ကိုဗာဆီဗစ်သည် ၂၀၁၃ ခုနှစ်တွင် ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်မှ အင်တာမီလန်သို့ပြောင်းရွှေ့လာပြီး စီးရီးအေပွဲ ၈၀ တွင် ငါးဂိုးသွင်းယူနိုင်ခဲ့သည်။
အင်တာမီလန်အနေဖြင့် ကိုဗာဆီဗစ်ကိုရောင်းချပြီးရလာသည့်ငွေများကိုသုံးစွဲပြီး ရီးယဲလ်မှ ကွန်ထရာအိုနှင့် ဝုဖ်ဘတ်မှ ပါရီဆစ်တို့ကို ခေါ်ယူ ဖွယ်ရှိနေသည်။
Ref; goal.com