လယ်ယာလုပ်ငန်းများ အဆင်မပြေ၍ ဒေသခံအချို့ ကျောက်မီးသွေးတူးသည့် လုပ်ငန်းများ လာရောက် လုပ်ကိုင်

လယ်ယာလုပ်ငန်းများ အဆင်မပြေ၍ ဒေသခံအချို့ ကျောက်မီးသွေးတူးသည့် လုပ်ငန်းများ လာရောက် လုပ်ကိုင်

မင်းဘူး၊ အောက်တိုဘာ ၂၀ ။           ။ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်းရှိ  ကျောက်မီးသွေးထုတ်လုပ်သည့် ကုမ္ပဏီများသို့  ဒေသခံတစ်ချို့ သည် ကျောက်မီးသွေး တူးဖော်လုပ်ကိုင်ရန်အတွက် လုပ်ငန်းခွင်သို့  ရောက်ရှိလာကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

မင်းဘူး/စကုမြို့နယ် ပွင့်ဖြူမြို့နယ်နှင့် မင်းလှမြို့နယ်များရှိ ဒေသခံတစ်ချို့သည်  လယ်ယာမြေလုပ်ငန်းများ အဆင်မပြေ၍ ကျောက်မီးသွေးတူးဖော်သည့် လုပ်ငန်းများ၊ ကျောက်မီးသွေး သယ်ဆောင်သည့် လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ဖြစ်သည်။

လုပ်ငန်းခွင်သို့ လာရောက်သူများ၏ ၎င်းတို့ နေထိုင်စားသောက်ရေးနှင့် လုပ်ငန်းခွင်အတွက် တာဝန်ယူစီစဉ် ပေးလျက်ရှိကြောင်း မင်းဘူးမြို့နယ်အတွင်းရှိ စိန်ခြည်လင်းသတ္ထုတူးဖော်ရေးကုမ္ပဏီ အရောင်းတာဝန်ခံ ဦးမိုးကျော်က ပြောသည်။

"ကုမ္ပဏီကတော့ အခုလို ကျောက်မီးသွေးတူးဖို့ လာတဲ့သူတွေကို လုပ်ငန်းခွင်သုံးပစ္စည်းတွေ အားလုံး ထုတ်ပေးပါတယ်၊ ဒီကိုလာရင် လက်ချည်းဗလာ လာကြပါတယ်၊ အလုပ်အဆင်မပြေသေးခင် ကာလမှာလည်း စားဖို့ သောက်ဖို့နဲ့ ကြိုတင်ငွေတွေ ထုတ်ပေးပါတယ်၊ နေထိုင်ဖို့နေရာတွေ ၊ သောက်သုံးရေ နဲ့ဆေးဝါး အထောက်အပံ့တွေ အားလုံး စီစဉ်ပေးထားပါတယ်၊ သူတို့တူးဖော်တဲ့ ကျောက်မီးသွေးကို ဆယ်ပိဿာဝင် တစ်ပုံးကို (၃၀၀)ကျပ်နဲ့ ကောက်ပါတယ်" ဟုတာဝန်ခံ ဦးမိုးကျော်က မဇ္ဈိမသို့ ပြောသည်။

ယခုနှစ် မိုးရာသီတွင် မင်းဘူးခရိုင်အတွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာတောင်သူများ ထွန်ယက်စိုက်ပျိုး သည့် လယ်နှင့်ယာမြေများ မိုးများပြီး မြစ်ရေ အကြိမ်ကြိမ် မြင့်တက်မှုကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးခဲ့၍ စားဝတ်နေရေးအတွက် အဆင်ပြေရန် ကျောက်မီးသွေးတူးဖော်သည့် လုပ်ငန်းများသို့ လာရောက် လုပ်ကိုင်ကြ ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

"ဒီနှစ်ထဲ ရေမြှုပ်ကုန်လို့ စပါးတွေရော ၊ ငရုတ်တွေရော ပျက်ကုန်တယ်။ ပြန်စိုက်ဖို့လည်း နောက်ကျကုန်ပြီ၊ ဧရာဝတီမြစ်ကမ်းပါးနေတာဆိုတော့ လယ်ကလည်း နှစ်ခါ၊ သုံးခါ ရေပြန်နစ်တယ်၊ မထူးဘူးဆိုပြီး အားကိုးရှိတဲ့ နေရာကိုပဲ ထွက်လာကြတာပါ"လို့ မင်းဘူး(စကု)မြို့နယ် ၊ သနပ်ပင်စုကျေးရွာနေသူ ဒေါ်စိန်မြင့်က ပြောသည်။

ကျောက်မီးသွေးမှော်များသည်  မိုးအကုန်မှစ၍ ပွင့်လင်းရာသီအတွင်း  ၅ လခန့်သာ ကျောက်မီးသွေး တူးဖော် ထုတ်လုပ်ရန်အဆင်ပြေကြောင်း၊  တစ်ချို့မိသားစုဝင်များက နှစ်ပေါက်အောင်နေပြီး   နေပူသည့်အခါ တူးလိုက် ၊ မိုးရွာသည့်အခါ နားလိုက်နှင့် ကျောက်မီးသွေးကုမ္ပဏီများတွင် စားဝတ်နေရေးအတွက် အခြေချနေထိုင်မှုများ ရှိကြကြောင်း သိရသည်။

“ဒီမှာကတော့ တစ်နေ့မရပါဘူးဆို ငါးထောင်၊ခြောက်ထောင် ရတာပေါ့၊ နားရတဲ့ရက်တော့ ရှိတယ်။  ရွာမှာ ကတော့ တစ်ရက် ငွေနှစ်ထောင်လောက်ရဖို့ကို မလွယ်လှဘူး” ဟု ပွင့်ဖြူမြို့နယ်၊ ထနောင်းကုန်းကျေးရွာနေ မခင်သန်းဝင်းက ပြောသည်။

“ သီးနှံစိုက်ရင် မိုးကြောက်ရ ၊ ရေကြောက်ရ ၊ ပိုးကြောက်ရနဲ့ တောင်သူဖြစ်ရတဲ့ဘဝကတော့ မလွယ်လှပါဘူး၊ ဒီမှာလုပ်ကိုင်နေတာ ၇နှစ်လောက်ရှိပြီ ၊ ပြန်ကို မပြန်တော့ဘူး၊ ကိုယ့်အစုအဖွဲ့လေးတွေ ၊ မိသားစုတွေနဲ့ ရသလာက်နဲ့ပဲ ပျော်နေ ကြတာ။ ဒီမှာကတော့ သာယာတာပေါ့။ အလုပ်ရှင်ရယ်လို့ မျက်နှာမော်မကြည့်ရဘူး။ ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် ရတယ်လေ” ဟု မခင်သန်းဝင်းက ဆိုသည်။

ကျောက်မီးသွေး တူးဖော်ရာတွင် မြေအောက်သို့  (၄)ပေပတ်လည်အကျယ် ကျင်းများ စတူးကြကြောင်း ကျောက်မီးသွေးကြော တွေ့ရန် တစ်ချို့နေရာတွင် ဆယ်တောင်ခန့်တူးရပြီး တစ်ချို့ နေရာများတွင် အတောင်(၂၀) မှ (၃၀)နီးပါးတူးကြရကြောင်း သိရသည်။

အနက်ပေတစ်ခု ုအရောက်မှာတော့ ၄၅ ဒီဂရီ ဆင်ခြေလျောအနေအထားရှိပြီး တစ်လွှာကို လေးပေခန့်ထုရှိတဲ့ သုံးလွှာကနေ ခုနှစ်လွှာ၊ ရှစ်လွှာအထိအထပ်လိုက် တွေ့ရတတ်တဲ့  ကျောက်မီးသွေးကြောကို   တွေ့ကြပါတယ်၊ ကျင်းထဲကို လူနှစ်ယောက်ဆင်းပြီးတော့ တစ်ယောက်က သံတူရွင်းနဲ့တူး ၊ ကျန်တစ်ယောက်က ဆယ်ပိဿာ ဝင် ပုံးထဲကို ဂေါ်ပြားနဲခပ်ထည့်ကြပါတယ်၊ ထည့်အပြီးမှာတော့ ကျင်းထိပ်မှာ ထိုင်စောင့်နေတဲ့ တစ်ယောက်က  ဆင်ထားတဲ့ စက် သီးကြိုးတိုင်ကနေ ရစ်လုံးနဲ့ ရစ်ဆွဲလို့တင်ပါတယ်၊အောက်မှာ လူတစ်ရပ်လွတ်တဲ့ မြေသားလှိုင်ခေါင်းရှည် တူးရပါတယ်၊ ကျောက်မီးသွေးကြာကိုလည်း တဆက်တည်း တူးလို့မရဘူး၊ သုံးလေးပေလောက်တူးလိုက်၊ မြေထောက်တဲ့ သဘောမျိုးဖြစ်အာင် နှစ်ပေလောက်ပတ်ကျော်ပြီး တူးလိုက် လုပ်ရတယ်၊ ဒီလိုလုပ်မထားရင် ပြိုကျနိုင်တယ်၊ မြေထောက်သဘောမျိုး လုပ်ထားတော့ ပြိုမယ်ဆိုရင်

တောင် ကျောက် သားတွေက ဖျိုးဖျိုးဖျစ်ဖျစ်မြည်လာတော့ ကျင်းပေါ်တက်ချိန်၊ရှောင်ချိန်ရတယ်” ဟု ဝါရင့်ကျောက်တူးလုပ်သားတစ်ဦးက ရှင်းပြသည်။

မိသားစုလိုက် လာရောက်လုပ်ကိုင်သူများသည်  တစ်ရက်လျှင် ဆယ်ပိဿာဝင် ကျောက်မီးသွေး ပုံး၁၅၀ ခန့် တူးနိုင်ပြီး ဝင်ငွေအားဖြင့် ငွေကျပ် (၄၅၀၀၀)ခန့် ရရှိကြကြောင်း၊ မိုးလေဝသ ဖျက်၍ စားဝတ်နေရေးအတွက် လယ်ပေါင်ယာပေါင် လုပ်ခဲ့ရသူများသည် ကျောက်မီးသွေးတူးဖော်ရသည့် ဝင်ငွေနှင့် ပြန်ရွေးနိုင်တာမျိုးများ ရှိကြောင်းသိရသည်။

စိန်ခြည်လင်းသတ္ထုတူးဖော်ရေးကုမ္ပဏီသည် ဧက(၂၅၀)ကျော်လုပ်ကွက်ရှိပြီး  မိုးတွင်ကာလတွင် အိမ်ခြေ (၁၅)အိမ်ခန့်သာ အခြေချ လုပ်ကိုင် ကြပြီး ပွင့်လင်းရာသီတွင် အိမ်ခြေ(၆၀)ကျော်၊ လူဦးရေ (၂၀၀)ဝန်းကျင်ခန့် လာရောက်လုပ်ကိုင်ကြကြောင်း သိရသည်။

“ ကုမ္ပဏီအနေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ဖို့ ကျင်းဟောင်းတွေကိုဖို့ပါတယ်၊ လျော်ဖြူနဲ့ကျွန်းပင်တွေ ပြန်စိုက်ကြရပါတယ်”ဟု တာဝန်ခံ ကိုမိုးကျော်က ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း ကျောက်မီးသွေးလုပ်ကွက်(၄၀)ရှိပြီး၊ ယခုနှစ်တွင် သက်တမ်းပြန်တိုးသည့် လုပ် ကွက်(၃၇)ခုရှိကြောင်း တိုင်းအတွင်း မြေဧကပေါင်း(၄၅၀၀)ခန့်သည်   ကျောက်မီးသွေးတူးဖော်သည့်

လုပ်ငန်းများဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သဘာ၀ ပတ်ဝန်းကျင်၊လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly