ဘင်္ဂါလီနှင့် တိုင်းရင်းသားများအား သီးခြားနေရာချထားပေးရေးပါ၀င်သော အစီရင်ခံစာအား ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့မည်

ဘင်္ဂါလီနှင့် တိုင်းရင်းသားများအား သီးခြားနေရာချထားပေးရေးပါ၀င်သော အစီရင်ခံစာအား ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့မည်

ရန်ကုန်၊ အောက်တိုဘာလ ၁၉ ။        ။ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများနှင့် ဒေသခံတိုင်းရင်းသားများအား သီးခြားနေရာခွဲ ချထားပေးရန်အပါအဝင် အချက် ၅ ချက်ပါ အစီရင်ခံစာအား ဒေသခံတိုင်းရင်းသားများကစုပေါင်းပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့သွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားကွန်ရက်မှ ဥက္ကဋ္ဌ ဦးတင်ထူးအောင်က မဇ္ဈိမသို့ပြောသည်။

အဆိုပါ အချက် ၅ ချက်ပါ အစီရင်ခံစာအား ဘူးသီးတောင်နှင့် မောင်တောဒေသရှိ ဒေသခံတိုင်းရင်းသားများက စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ထံ ယခုတစ်ပတ်အတွင်း ပေးပို့သွားမည်ဖြစ်ပြီး ရခိုင်အမျိုးသားကွန်ရက် အပါအဝင် လူမှုကွန်ရက်အဖွဲ့အစည်းများက ပူးပေါင်းကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ပဲ အစီရင်ခံစာထဲမှာပါတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတော့ မောင်တောမှာ အစည်းအဝေးလုပ်လိမ့်မယ်။ ဒီတစ်ပတ်အတွင်းမှာပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီကို ပေးပို့တင်ပြသွားမှာပါ။ ဒါကတော့ ဘူးသီးတောင်နဲ့ မောင်တောက ဒေသခံတွေတင်ပြမယ့်ကိစ္စပေါ့။ ကွန်ရက်အနေနဲ့ကတော့ ဒီကိစ္စအပေါ်မှာ ပူးပေါင်းဆောင်ရွက် မယ်။ ပြောမှု၊ ဆိုမှုတွေလုပ်မယ်။ ဒီကိစ္စမှာ လိုအပ်ချက်၊ လိုအပ်မှုတွေရှိပြီးတော့နောက် အစိုးရပိုင်းက ပံ့ပိုးမှု၊ ကူညီမှုမရှိဘူးဆိုရင် ထောက်ပြမယ်။ လိုအပ်လာရင် မဟာမိတ်အင်အားတွေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေ၊ ပြောသင့်ပြောထိုက်တာတွေ ဆက်ပြီးပြောရမှာပေါ့”ဟု ဦးတင်ထူးအောင်က ပြောသည်။

အဆိုပါ ဒေါ်အောင်ဆန်းစုကြည်ထံတင်ပြမည့် အစီရင်ခံစာထဲတွင် ဘင်္ဂါလီနှင့် ဒေသခံတိုင်းရင်းသားများအား သီးခြားနေရာခွဲချထားပေးရန်၊ ၁၉၈၂ ခုနှစ်ဥပဒေအတိုင်း တိတိကျကျဆောင်ရွက်ပေးရန်၊ မောင်တောခရိုင် မြောက်ပိုင်းတွင် အစိုးရအနေဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေး ဆောင်ရွက်ပေးရန်၊ ရခိုင်ပြည်နယ် အတွင်း လက်ရှိ ကျန်ရှိနေသေးသည့် NGO၊ INGO တို့အား ထွက်ခွာပေးစေရန်နှင့် ပဋိပက္ခများဖြစ်ပေါ်နေမှု အပေါ် အစိုးရအနေ ဖြင့် တရားဥပဒေစိုးမိုးပြီး တည်ငြိမ်အေးချမ်းမှုရှိသည့်အထိ ဆောင်ရွက်ပေးရန် စသည့် အချက် ၅ ချက်ပါဝင်ကြောင်း သိရသည်။

“လက်ရှိမှာလည်း အစိုးရက ထုတ်ပြန်ထားတဲ့ အချက်သုံးချက်ပေါ့။ ကောင်းပါတယ်။ ထောက်ခံပါတယ်။ ဒါပေမယ့် ပြန်လည် လက်ခံရေးဆိုတဲ့နေရာမှာ ၁၉၉၃ ခုနှစ် နှစ်နိုင်ငံ သဘောတူချက်အရလက်ခံမယ်ပေါ့နော်။ အဓိကလက်ခံတဲ့ နေရာမှာ ၁၉၈၂ ဥပဒေကို အခြေခံပြီးတော့ တိတိကျကျလေး လုပ်စေချင်တယ်ဗျ။ တိတိကျကျ မလုပ်နိုင် ဘူးဆိုရင်တော့ ကျွန်တော်တို့ အရမ်းကိုအန္တရာယ်ရှိပါတယ်။ နာမည်တစ်လုံး သုံးရခြင်းအကြောင်းက ကြိုတင်ပြီးတော့ ပြတ်ပြတ်သားသားမပြောခဲ့လို့ဗျ။ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းသိ၊ ကမ္ဘာသိဖြစ်တယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ အစကတည်းက ဒီ ရိုဟင်ဂျာ နာမည်ဟာ မရှိပါဘူးလို့ ပြတ်ပြတ် သားသားပြောခဲ့ရင် ဒီနေ့ နိုင်ငံတကာဖိအားက ရောက်လာစရာ အကြောင်းမရှိပါဘူး။ အဲ့ဒီအတွက် ပြတ်သားဖို့ အချိန်တန်ပြီလို့ ပြောချင်ပါတယ်”ဟု တိုင်းရင်းသားလူငယ်များ အရေးပေါ်ကော်မတီမှ အလုပ်အမှုဆောင်(CEC) ဦး R.ဝီရလင်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တိမ်းရှောင်နေသော ဒေသခံတိုင်းရင်းသားများမှာ ခန့် မှန်းခြေ လူဦးရေ ၆ဝဝဝ ခန့်ရှိပြီး တိမ်ရှောင်စခန်းမှာ ၁ဝဝ ကျော်ရှိကြောင်း၊ လက်ရှိတွင် ဒေသခံတိုင်းရင်းသား အများစုမှာ တပ်မတော်နှင့် ပရဟိတအဖွဲ့အစည်များ၏ အကူအညီဖြင့် မိမိတို့ နေရပ်သို့ ပြန်လျက်ရှိပြီး နေအိမ် များမီးရှိုးခံခဲ့ရသော တိုင်းရင်းသားအချို့သာ တိမ်းရှောင်စခန်း ၃ ခုခန့်တွင် ကျန်ရှိတော့ကြောင်း ဦး R.ဝီရလင်း က ဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၉ ရက်၊ မွန်းလွဲ ၁ နာရီခွဲအချိန်၊ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဝေဠုဝန်မြောက် ရပ်ကွက်ရှိ တိုက်အမှတ် ၄ တွင် တိုင်းရင်းသားလူငယ်များအရေးပေါ်ကော်မတီ(ရန်ကုန်)နှင့် ရခိုင်အမျိုး သားကွန်ရက်တို့မှ ပြုလုပ်သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့ တောင်မြို့ နယ်များရှိ လက်ရှိအခြေအနေများအား ရှင်းလင်းသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly