အောက်တိုဘာ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ဂျာမနီအသင်းက ထိပ်ဆုံးမှ ဆက်လက် ဦးဆောင်နေပါတယ်။ မြန်မာအသင်းအနေနဲ့တော့ အဆင့်သုံးဆင့် လျော့ကျသွားခဲ့ပြီး ကမ္ဘာ့အဆင့် ၁၅၅ မှာ ရပ်တည်လျက်ရှိပါတယ်။
ဂျာမနီအသင်းက ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ စုစုပေါင်း ရမှတ် ၁,၆၃၁ ဖြင့် ဘရာဇီးရဲ့အထက် အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။
အသစ်ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အဆင့် ၁ နေရာမှ အဆင့် ၆ နေရာအထိမှာ အပြောင်းအလဲမရှိခဲ့ဘဲ ဂျာမနီ၊ ဘရာဇီး၊ ပေါ်တူဂီ၊ အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ ပိုလန်တို့မှာ ယခင်လအဆင့်အတိုင်း ရပ်တည်ခဲ့ကြပါတယ်။
၎င်းတို့ရဲ့နောက်မှာ ပြင်သစ်အသင်းက ၁ ဆင့်တက်လာပြီး အဆင့် ၇ နေရာမှာ ရောက်ရှိခဲ့ပါတယ်။ စပိန်အသင်းကတော့ အဆင့် ၃ ဆင့်ထိ ခုန်တက်ခဲ့ပြီး အဆင့် ၈ နေရာကို ရောက်လာပါတယ်။
ပီရူးအသင်းက အဆင့် ၁၀ နေရာကို တက်လာပြီး အဆင့် ၉ နေရာမှာ ချီလီအသင်း ရပ်တည်နေချိန်မှာတော့ ဆွစ်ဇာလန်နှင့် ကိုလံဘီယာအသင်းတို့မှာ ထိပ်ဆုံး ၁၀ စာရင်းထဲကနေ ထွက်ခွာသွားခဲ့ရပါတယ်။
မြန်မာအသင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ပွဲစဉ်တစ်ပွဲမှ ကစားခဲ့ခြင်းမရှိဘဲ အောက်တိုဘာလအစောပိုင်းမှ ထိုင်းအသင်းနှင့် ခြေစမ်းပွဲတစ်ပွဲ၊ ကာဂျစ္စတန်နှင့် အာရှဖလားခြေစစ်ပွဲ တစ်ပွဲကစားခဲ့ပါတယ်။ ထိုင်းနှင့်ပွဲတွင် ၁-၃ ဂိုးဖြင့် ရှုံးခဲ့ရပြီး ကာဂျစ္စတန်နှင့်ပွဲမှာ ၂ ဂိုးစီသရေကျခဲ့ပါတယ်။
မြန်မာအသင်းဟာ အရှေ့တောင်အာရှအဆင့်မှာမှု ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ထိုင်းအသင်းတို့ရဲ့နောက် အဆင့် ၄ နေရာမှာ ရပ်တည်လျက်ရှိပါတယ်။
Ref; EFE-EPA, FIFA