ဖြိုးကိုကိုတင့်ဆန်းအား လက်နက်ဥပဒေဖြင့် အရေးယူမည်ဟု ရဲမှူးကြီး ပြော

ဖြိုးကိုကိုတင့်ဆန်းအား လက်နက်ဥပဒေဖြင့် အရေးယူမည်ဟု ရဲမှူးကြီး ပြော
နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်(အောက်တိုဘာ ၁၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ အားကစားဝန်ကြီးဟောင်းဖြစ်သူ ACE ကုမ္ပဏီဥက္ကဌ ဦးတင့်ဆန်း၏ သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းအား မူးယစ်ဆေးဝါးဥပဒေသာမက လက်နက်ဥပဒေဖြင့်ပါ အရေးယူသွားမည်ဟု နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ဇော်ခင်အောင်က ပြောသည်။

MNA လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ လိုက်ပါမည့် ဦးဖြိုးကိုကိုတင့်ဆန်း၏ ကျောပိုးအိတ်အတွင်း သေနတ်များ၊ ကျည်ဆံများနှင့် မူးယစ်ဆေးဝါးတစ်ချို့ကို အောက်တိုဘာ ၁၅ရက်၊ ညဦးပိုင်းက နေပြည်တော်လေဆိပ်တွင် ဖမ်းမိပြီးနောက် ၎င်းပိုင်ဆိုင်သည့် Hotel ACE တွင် ဆက်လက်ရှာဖွေစဉ် သေနတ်များနှင့် ဆက်စပ်ပစ္စည်းများ ထပ်မံ သိမ်းဆည်းရမိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

“လက်ရှိအနေအထားအရ လေဆိပ်မှာကတော့ မူးယစ်ဥပဒေနဲ့ အရေးယူမယ်။ ကျန်တဲ့ ဟိုတယ်မှာတွေ့တဲ့ လက်နက်တွေနဲ့ ပတ်သက်လို့ရှိရင်တော့ သက်ဆိုင်ရာ လက်နက်ဥပဒေနဲ့ အရေးယူသွားမယ်” ဟု ရဲမှူးကြီး ဇော်ခင်အောင်က အောက်တိုဘာ ၁၆ရက်၊ မွန်းလွဲပိုင်းတွင် မီဒီယာများကို ပြောသည်။

ဖြိုးကိုကိုတင့်ဆန်းအပါအဝင် ACE ရုံးအဖွဲ့ နှစ်ဦးထံမှ လေဆိပ်နှင့် ဟိုတယ်အခန်းအတွင်း သိမ်းဆည်းရမိမှု စုစုပေါင်းမှာ ပစ္စတို(၉)လက်၊ ကျည်(၈၉၂)တောင့်၊ ကျည်အိမ် (၁၆)ခု၊ M16 လက်ကိုင်ကွင်း (၁)ခု၊ ပစ္စတိုအိတ်အနက်ရောင်(၇)လုံး၊ ကျည်ကာအင်္ကျီ(၁)ထည်နှင့် စနိုက်ပါမှန်ပြောင်း(၁)လက်တို့ ဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ပါရှိသည်။

မြန်မာနိုင်ငံတွင် ကျင့်သုံးလျက် ရှိသော လက်နက်ကိုင်ဆောင်ရေး မူအရ လေသေနတ်များအပါအဝင် သေနတ်လက်နက် အားလုံးကို လိုင်စင်ဖြင့်သာ ကိုင်ဆောင်ခွင့်ပြုထားသည်။ ထိုသို့ လိုင်စင်ဖြင့် ကိုင်ဆောင် ခွင့်ရရှိရန် ဥပဒေလုပ်ထုံး လုပ်နည်းများနှင့် အညီ ပြည်ထဲရေးဝန်ကြီးဌာန (လက်နက်ကိုင်ဆောင်ခွင့် လိုင်စင်/ပါမစ်စိစစ်ရေးအဖွဲ့)သို့ တင်ပြ လျှောက်ထားပြီး စိစစ်ခွင့်ပြုချက်ရမှသာ ကိုင်ဆောင်ခွင့်ရှိသည်။

လတ်တလော စစ်ဆေးချက်များအရ ဖြိုးကိုကိုတင့်ဆန်းအား လက်နက်ကိုင်ဆောင်ခွင့်လိုင်စင်/ပါမစ် ထုတ်ပေးထားခြင်းမရှိဟု ရဲမှူးကြီး ဇော်ခင်အောင်က ပြောသည်။ ထိုသို့ လိုင်စင်/ပါမစ် ထုတ်ပေးထားခြင်း မရှိသောကြောင့် “တရားမဝင် လက်နက်ကိုင်ဆောင်တာလို့ ပြောလို့ ရမလား” ဟု သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ရဲမှူးကြီးက “ အဲ့လို ပြောလို့ရတာပေါ့” ဟု ပြန်လည် ဖြေကြားသည်။

သိမ်းဆည်းရမိသည့် လက်နက်များကို ကိုင်ဆောင်သည့် ရည်ရွယ်ချက်၊ လေကြောင်းဖြင့် သယ်ယူရသည့် အကြောင်းအရင်း၊ လက်နက်များကို ဝယ်ယူသည့်နေရာ စသဖြင့် မေးခွန်းတစ်ချို့ကို သတင်းထောက်များက ရဲမှူးကြီးအား မေးမြန်းရာတွင် ဖြိုးကိုကိုတင့်ဆန်းအား ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးနေဆဲဖြစ်ကြောင်း၊ တိကျသည့်အဖြေမရသေးကြောင်း ၎င်းက ပြောသည်။

တရားမဝင်လိုင်စင်မဲ့ လက်နက်ကိုင်ဆောင်မှုများနှင့်ပတ်သက်၍ ၁၈၇၈ ခုနှစ် လက်နက်ဥပဒေ ပုဒ်မ ၁၉ အရ ထောင်ဒဏ်သုံးနှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ် နှစ်ရပ်စလုံး ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ အလားတူ ၁၉၅၁ ခုနှစ် လက်နက်(ယာယီ)ပြင်ဆင်ချက် အက်ဥပဒေပုဒ်မ ၁၉(က)အရလည်း ထောင်ဒဏ်အနည်းဆုံး သုံးနှစ်မှ အများဆုံးခုနစ်နှစ် အထိ ပြစ်ဒဏ် ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

လေဆိပ်တွင် လက်နက်များနှင့်အတူ ဖမ်းမိစဉ် ဖြိုးကိုကိုတင့်ဆန်းသည် မူးယစ်ဆေးဝါးသုံးစွဲထားသည့် လက္ခဏာ တွေ့ရှိရသည်ဟု ရဲတပ်ဖွဲ့က ယူဆကာ ယမန်နေ့ညကတည်းက နေပြည်တော်ကုတင်တစ်ထောင်ဆေးရုံတွင် ဆေးစစ်ထားသည်။

အစိုးရရုံးစိုက်ရာနေပြည်တော်တွင် အလားတူ ဖြစ်စဉ်မျိုး ယခင်က မရှိခဲ့ဖူးဘဲ ယခုဖြစ်စဉ်သည် ပထမဆုံးအကြိမ် သိမ်းဆည်းရမိမှု ဖြစ်သည်ဟု နေပြည်တော်ရဲတပ်ဖွဲ့က ပြောသည်။

လက်ရှိတွင် အသက် (၄၁)နှစ်အရွယ် ဦးဖြိုးကိုကိုတင့်ဆန်းသည် ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှ ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သေးသည်။ သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လက်ရှိ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဖြစ်သူ မန်းဂျော်နီအား ထိုစဉ်က ရှုံးနိမ့်ခဲ့သည်။

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly