မကွေးမြို့မ အချုပ်ခန်းဖောက်ထွက်ပြေးသူ ၆ ဦးအနက်မှ ၃ ဦးကို ပြန်လည်ဖမ်းဆီးရမိ

မကွေးမြို့မ အချုပ်ခန်းဖောက်ထွက်ပြေးသူ ၆ ဦးအနက်မှ ၃ ဦးကို ပြန်လည်ဖမ်းဆီးရမိ

မကွေး၊ အောက်တိုဘာ ၁၅ ။           ။ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ မြို့မရဲစခန်းမှ အချုပ်ဖောက်ထွက်ပြေးသူ(၆)ဦးအနက် အောက်တိုဘာလ ၁၄ရက် ညနေ ၃နာရီ ၃၀မိနစ်အချိန်တွင် မကွေးမြို့ သစ်ရာကောက်ကျေးရွာအုပ်စု ဖို့ဝေကျေးရွာအနီး တောထဲတွင် တစ်ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း အောက်တိုဘာ ၁၅ရက်နေ့၊  မကွေးမြို့မရဲစခန်းမှ သိရသည်။

ပြန်လည်ဖမ်းဆီးရမိသူမှာ ပုဒ်မ ၃၈၀ဖြင့် အမှုရင်ဆိုင်နေရသူ ခိုင်စိုးဖြစ်ပြီး  ပုဒ်မ ၃၇၆ တရားခံ ၂ ဦးအား ပြန်လည်ဖမ်းမိထားသည်။

“ မနေ့က ညနေပိုင်း မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးငွေတင်နဲ့အဖွဲ့က ဖို့ဝေးရွာအနီး တောထဲမှာ တရားခံပြေး ခိုင်စိုးကို ဖမ်းဆီးမိပါတယ်၊ ကျန်တဲ့တရားခံပြေးတွေကို ရဲမှူးငွေတင်ဦးဆောင်တဲ့ အဖွဲ့က ဆက်လက် လိုက်လံရှာဖွေလျက် ရှိပါတယ်” ဟု မကွေးမြို့မ ဒုစခန်းမှူးရဲအုပ်ထန်းလိန်းကီးက ယနေ့ နံနက်ပိုင်းက မဇ္ဈိမသို့ ပြောသည်။

“ အလားတူ အောက်တိုဘာ (၁၁)ရက်နေ့ ည(၈)နာရီခန့် အချိန်က မကွေးနယ်မြေရဲစခန်းမှာ (ပ) ၃၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၃၆/ ၁၁၄ အမှုနဲ့ တရားရင်ဆိုင်နေရသူ သိန်းမင်းထိုက်ကို မိခင်အိမ်ကို ပြန်လည်ရောက်ရှိနေစဉ် ဖမ်းမိခဲ့ပါတယ်၊အောက်တိုဘာ ၁၃ရက်နေ့ နေ့လည် ၁၂နာရီ၂၀မိနစ်အချိန်ခန့်က မိချောင်းရဲလမ်း မိုင်တိုင်အမှတ် ၆နားမှာ ပ/၂၄၇/၂၀၁၇ ပုဒ်မ ၃၇၆/၃၆၃နဲ့ အမှုရင်ဆိုင်နေရတဲ့ စိုင်းသီဟကို ဖမ်းမိပါတယ်၊ ကျန်တဲ့ တရားခံပြေးတွေကိုလည်း အမြန်ဆုံး ဖမ်းမိအောင် ရဲတပ်ဖွဲ့က ကြိုးစားဆောင်ရွက် နေပါတယ်” ဟု မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူးငွေတင်က ပြောသည်။

လက်ရှိတွင် ထွက်ပြေးလွတ်မြောက်နေသူများမှာ မူး/စိတ် ပုဒ်မ ၁၅/၁၉ (က)/၂၁ ဖြင့် အမှုရင်ဆိုင်နေသည့် ဘိုဘိုထက်၊ ၊ပုဒ်မ ၃၇၆ ဖြင့် အမှုရင်ဆိုင်နေသည့် ချစ်ကိုကို၊ ပုဒ်မ ၃၇၆/၃၆၃/၁၁၄ တို့ဖြင့် အမှုရင်ဆိုင်နေ သည့် အောင်ဇော်လင်းတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ(၆)ဦးသည် အောက်တိုဘာ(၁၁)ရက် နံနက်(၃) နာရီကျော် အချိန်ခန့်တွင် မကွေးမြို့မရဲ အချုပ်ခန်း အမှတ်(၆) ၌ အချုပ်သား(၉)ဦးနှင့်အတူ ဖမ်းဆီးချုပ်နှောင် ထားရာမှ အချုပ်ခန်းဖောက်၍ ထွက်ပြေးလွတ်မြောက်သွား ကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly