ရန်ကုန်-ဒလ မြစ်ကူးတံတားကို ၂၀၁၈တွင် စဆောက်မည်၊ လိုအပ်သည့် မြေနေရာများ ဖျက်သိမ်းနေ

ရန်ကုန်-ဒလ မြစ်ကူးတံတားကို ၂၀၁၈တွင် စဆောက်မည်၊ လိုအပ်သည့် မြေနေရာများ ဖျက်သိမ်းနေ

ရန်ကုန်၊အောက်တိုဘာ၁၀ ။            ။ ရန်ကုန်-ဒလ မြစ်ကူးတံတားကို ၂၀၁၈ခုနှစ် ဇန်နဝါရီလတွင် စတင်တည်ဆောက်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် တံတားအတွက် လိုအပ်သည့်   မြေနေရာများဖယ်ရှားခြင်း လုပ်ငန်းအား ဆောင်ရွက်နေကြောင်း ဒလမြို့နယ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်ကပြောသည်။

အဆိုပါတံတားကို ရန်ကုန်ဘက်ခြမ်းရှိ ဘုန်းကြီးလမ်းမှ ဒလဘက်ခြမ်းရှိ ဗိုလ်မင်းရောင်လမ်းအထိ ဆက်သွယ်တည်ဆောက်မည်ဖြစ်ပြီး တံတားအတွက် လမ်း၏ တစ်ဖက်စီတွင် မြေဧရိယာကို   ပေ(၅၀)စီအသုံးပြုသွားမည်ဖြစ်သည်။

"ဖျက်သိမ်းတာကနိုဝင်ဘာလနောက်ဆုံးဖျက်သိမ်းပေးရမယ်။ ဖျက်ပြီးပါပြီ ။ အဓိကကအိမ်တွေဖျက်စရာမလိုပါဘူး ။ ခြံစည်းရိုးတွေပဲပါတာများတယ်လေ" ဟု ဒလမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်ကပြောသည်။

တံတားမြေနေရာအတွက် ဖယ်ရှားရှင်းလင်းရာတွင် အိမ်ထောင်စုပေါင်း (၆၈)ခုပါရှိမည်ဖြစ်ပြီး လျော်ကြေးငွေများအားလုံးကို ညှိနိူင်းပေးဆောင်ထားပြီး ဖြစ်သည်။

ဖယ်ရှားပေးရမည့်နေရာများအတွက်လည်း မြန်မာကျပ်ငွေ (၃)ဘီလျံခန့် လျော်ကြေးပေးဆောင်ထားပြီးဖြစ်သည်။

ထိုတံတားအတွက် စစ်တမ်းကောက်ယူမှု၊ မြေသားစမ်းသက်မှု၊ မြစ်ကြောင်းစမ်းသပ်မှု၊ သုတေသနပြုမှုများပြုလုပ်ခဲ့ပြီး အမေရိကန်ဒေါ်လာသန်း(၂၀)ခန့် ကုန်ကျထားသည်ဟုလည်း ဦးထွန်းရင်က ပြောသည်။

တံတားတည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ(၁၃၇.၈၃၃)သန်းအား ကိုရီးယားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးရေးဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေအဖွဲ့မှ ချေးငွေအဖြင့် ထည့်ဝင်ထားပြီး မြန်မာအစိုးရဘက်မှ အမေရိကန်ဒေါ်လာ(၃၀.၃၄၁)သန်းကို ထည့်ဝင်ထားသည်။

"ဒါကချေးငွေနဲ့လုပ်တာပါ ။တည့်တည့်ပြောမယ်ဆိုရင် နှစ်နိုင်ငံချစ်ကြည်ရေးဆိုပေမယ့်လည်း ကိုရီးယားကအလကားဆောက်ပေးတာတော့မဟုတ်ဘူး။ နှစ်(၄၀)ဆပ်ရမယ် ။ အတိုး(ဝ.၀၁)ရာခိုင်နူန်းပေါ့နော်"ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်ကဆိုသည်။

တံတားအတွက် ကိုရီးယား မြန်မာ နှစ်နိုင်ငံမှအင်ဂျင်နီယာများပူးပေါင်းကာ သုတေသနပြုလုပ်မှုများ၊ ဒီဇိုင်းဆွဲမှုများကိုဆောင်ရွက်ခဲ့သည်။

သို့သော်တံတားတည်ဆောက်ရေးအတွက် ယခုလအောက်တိုဘာလမှစတင်ကာ ကုမ္ပဏီများကို တင်ဒါခေါ်ယူကာ ပြည်ထောင်စုအစိုးရအဖွဲ့မှ ရွေးချယ်တည်ဆောက်စေမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လယ်ယာမြေအား အခြားရည်ရွယ်ချက်ဖြင့်သုံးစွဲခွင့်ကိုပိတ်ပင်ထားသည့်အတွက် ရန်ကုန် ဒလ တံတားတည်ဆောက်မည်ဆိုသောကိစ္စကြောင့် ဒလမြို့နယ်အတွင်းရှိ အိမ်ဈေး၊ မြေဈေးများမှာလည်း တက်ခြင်း၊ ကျခြင်း မရှိဘဲ ပုံမှန်အတိုင်းသာရှိနေသည်ဟု ဦးထွန်းရင်ကဆိုသည်။

တံတားတည်ဆောက်မှုကြောင့် ဒလမြို့နယ်ရှိပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေးအပြင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးတို့အတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်ကမျှော်လင့်ထားသည်။

ရန်ကုန်-ဒလ မြစ်ကူးတံတားအား မြစ်ကြောင်းထိခိုက်မှုနှင့် သောင်ထွန်းမှုမဖြစ်ပေါ်စေရန် အောက်ခြေတိုင်(၂)တိုင်ထားရှိမည်ဖြစ်ပြီး အမြင့်(၄၉)မီတာ ပေ(၁၆၀)ရှိသော ကြိုးဆိုင်းတံတားပုံစံတည်ဆောက်သွားမည်ဖြစ်သည်။

ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ပြီးစီးသွားပါက ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအား ဆက်သွယ်နိုင်သည့် ဒုတိယမြောက်ဝင်ပေါက်ဖြစ်လာမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly