ရန်ကုန်ရေကြောင်းဘတ်စ် စတင်ပြေးဆွဲ

ရန်ကုန်ရေကြောင်းဘတ်စ် စတင်ပြေးဆွဲ

 

ရန်ကုန်၊အောက်တိုဘာ၇ ။                              ။ ရန်ကုန်ရေကြောင်းဘတ်စ် စတင်ပြေးဆွဲသည့် ယနေ့အောက်တိုဘာ၇ရက်နေ့တွင် လိုက်ပါစီးနင်းသူများပြားခဲ့သည်။

 မနက် ၇နာရီတွင် စတင်ထွက်ခွာခဲ့ပြီး အင်းစိန်သင်္ဘောဂိတ်မှစတင်လိုက်ပါလာသူများရှိသလို အချို့ကမူ  ကြားဂိတ်များမှ လိုက်ပါစီးနင်းခဲ့ကြသည်။

ပထမဦးဆုံးပြေးဆွဲသည့်နေ့ဖြစ်၍ ခရီးစဉ်အားလုံးကို အခမဲ့လိုက်ပါစီးနင်းခွင့်ပေးခဲ့ပြီး ဒုတိယနေ့မှစတင်က ခရီးစဉ်တစ်ကြောင်းလျင်(၃၀၀)ကျပ် ကျသင့်မည်ဖြစ်သည်။

"ဈေးနူန်း(၃၀၀)ကတော့တန်တာပါပဲ ။စီးတဲ့လူတွေအတွက်ကတော့ Saveဖြစ်ဖို့ပဲ အရေးကြီးပါတယ်။ ကျန်တာကတော့ အဆင်ပြေပါတယ်။ သွားရေးလာရေး"ဟု အင်းစိန်မှ ဗိုလ်တစ်ထောင်ဆိပ်ကမ်းသို့ သြစတေးလျနိုင်ငံထုတ်သင်္ဘောဖြင့် လိုက်ပါစီးနင်းလာသူ ဒေါ်လှတင့်က ပြောသည်။

သင်္ဘောဂိတ်များတွင် အခမဲ့ဖတ်ရှုနိုင်မည့်သတင်းစာများနှင့် ထိုင်ခုံများကိုထားရှိပေးထားပြီး ဂိတ်များတွင် သင်္ဘောဆိုက်ရောက်မည့်အချိန်နှင့် နေရာများကို မြေပုံများဖြင့် ဖော်ပြထားသည်။

"ဒီဆိုင်းဘုတ်လေးကလည်းရုတ်တရက်ကြည့်ရင် ကျွန်တော်တောင်ကျော်ဖတ်သွားတယ်။ ဟိုးထိပ်လောက်ကနေပြီးတော့ လမ်းညွှန်ချက်လေးလုပ်မယ်ဆိုရင် ်ပိုသိမယ်ထင်တယ်။ ပထမနေ့မို့လားတော့မသိဘူး ။ရုတ်တရက်မသိဘူး ။ မသိလို့ကျွန်တော်တောင် တက္ကစီစီးခဲ့ပြီး ဒီဘက်ကို ကုန်းကြောင်းလျောက်ရတာ။ တကယ်သိအောင်လို့ ဟိုဘက်ကနေပြီး နန်းသီတာတို့ ဘာတို့ကြေငြာထားရင်လေ ပိုကောင်းမယ်လို့ ကျွန်တော့်အယူအဆပေ့ါ"ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အငြိမ်းစားမန်နေဂျာတစ်ဦးဖြစ်သူ ဦးခင်မောင်ဝင်းက အကြံပြုသည်။

ရန်ကုန်ရေကြောင်းဘတ်စ်ကို ပြည်တွင်းလုပ် သင်္ဘောများနှင့် သြစတေးလျနိုင်ငံထုတ် အင်ဂျင်နှစ်လုံးတက်သင်္ဘောများအပါအဝင် စုစုပေါင်း(၅)စင်းဖြင့် ပြေးဆွဲပေးနေသည်။

"လုပ်ပေးတာက ဒီပြင်ဟာမဟုတ်ပါဘူး ကိုယ်ကလည်းမော်တော်မောင်းနေတဲ့သူဆိုတော့ မော်တော်အကပ်အပြုလေးတွေမှာ နည်းနည်းလေးလိုနေတာပေါ့။ ကျန်တာတော့ဘာမှမဟုတ်ဘူး ။ ဟိုအသေးကောင်လေးတွေကမြန်တာပေါ့ အဲဒါလေးပါပဲ"ဟု အင်းစိန်ဂိတ်မှစတင်ကာ မြန်မာနိုင်ငံလုပ်သင်္ဘောကိုစီးနင်းလာသူ ကိုမြသန်းကပြောပြသည်။

လက်ရှိအချိန်တွင် သင်္ဘောများပေါ်၌ သန့်စင်ခန်းများ၊ အသက်ကယ်အကူပစ္စည်းများ၊ တီဗီများ၊ စီစီတီဗီများနှင့် လုံခြုံရေးများထားပေးထားသည်။

"စီးရတာစိတ်ကြေနပ်မှုရှိပါတယ် ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာအခုမှစစီးရတာဆိုတော့ တော်တော်လေးကိုကောင်းပါတယ်"ဟု အင်းစိန်မြို့နယ်မှ စတင်လိုက်ပါစီးနင်းလာသူ ကိုဖိုးဇော်က ဆိုသည်။

နောက်ပိုင်းတွင် ထမင်းဘူးနှင့်ကော်ဖီရောင်းချသည့် ဝန်ဆောင်မှုလည်းပါဝင်လာမည်ဖြစ်သည်။

ပထမဦးဆုံးလမ်းကြောင်းအနေဖြင့် ရန်ကုန်ရေကြောင်းဘတ်စ်သည် ဗိုလ်တစ်ထောင်၊ နန်းသီတာ၊ လမ်းသစ်၊ ကြည့်မြင်တိုင်၊ လှိုင်၊ ပန်းလှိုင်နှင့် အင်းစိန် စသည့်ဂိတ်(၇)ခုကို ပြေးဆွဲနေသည်။

နောက်ပိုင်းတွင်  ညောင်တန်း-မြောက်ဒဂုံ၊ စီးတီးစတား-သန်လျင် ဘက်များကိုလည်း ပြေးဆွဲရန် စီစဉ်လုပ်ကိုင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly