အောက်တိုဘာ ၅၊ ရန်ကုန်။ ။ အာရှဖလားခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာယူ-၁၆လက်ရွေးစင်ဘောလုံးအသင်းကို ဆက်လက်ပျိုးထောင်လေ့ကျင့်မှုများလုပ်သွားမည်ဟု နည်းပြ ဦးညီညီလတ်ကပြောသည်။
မြန်မာယူ-၁၆အသင်းမှာ အာရှဖလားခြေစစ်ပွဲအဖြစ် စက်တင်ဘာလအတွင်းက တောင်ကိုရီးယား၊ တရုတ်၊ ဖိလစ်ပိုင်အသင်းများနှင့်တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး တရုတ်ကို ၂ - ၁ ဂိုး၊ တောင်ကိုရီးယားကို ၄ - ၀ ဂိုးတို့ဖြင့်ရှုံးကာ ဖိလစ်ပိုင်ကို ၅ - ၀ ဂိုးဖြင့်အနိုင်ရခဲ့သော်လည်း ခြေစစ်ပွဲမအောင်မြင်ခဲ့ပေ။
သို့သော် အသင်းခြေစွမ်းကို ပရိသတ်များနှစ်ခြိုက်ခဲ့ပြီး အားပေးမှုများပြုလုပ်ခဲ့ကြသည်။ ဒီအသင်းက အကယ်ဒမီက ကျောင်းသားလူငယ်လေးတွေနဲ့ဖွဲ့စည်းထားတာပါ။ လတ်တလောမှာတော့ သူတို့ကျောင်းပြန်တက်ရဦးမယ်။ ကျောင်းတက်နေတဲ့ရက်အတွင်းမှာ ကျောင်းဆင်းရင်ညနေပိုင်း နည်းနည်းလေ့ကျင့်ပြီး စာမေးပွဲပြီးရင်တော့ စုဖွဲ့လေ့ကျင့်မှုတွေဆက်လုပ်မှာပါ။ ဟု ဦးညီညီလတ်ကပြောသည်။
မြန်မာယူ-၁၆အသင်းကို မန္တလေးဘောလုံးအကယ်ဒမီ၊ တပ်မတော်ဘောလုံးအကယ်ဒမီနှင့် အား/ကာသိပ္ပံမှ လူငယ်ကစားသမားများဖြင့် ပေါင်းစပ် ဖွဲ့စည်းထားခြင်းဖြစ်သည်။ မြန်မာယူ-၁၆အသင်းကို ပြည်ပနိုင်ငံများသို့စေလွှတ်ကာ လေ့ကျင့်မှုများပြုလုပ်ရန်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်ထားသည်။