ကက်တလန် လွတ်လပ်ရေး ဆန္ဒခံယူပွဲအား ရဲက ဖြိုခွင်းခြင်းကို ထောင်ပေါင်းများစွာ စုရုံးဆန္ဒပြ

ကက်တလန် လွတ်လပ်ရေး ဆန္ဒခံယူပွဲအား ရဲက ဖြိုခွင်းခြင်းကို ထောင်ပေါင်းများစွာ စုရုံးဆန္ဒပြ

 

ကက်တလန်၊ အောက်တိုဘာ ၃ ။                ။ စပိန်နိုင်ငံ ဘာစီလိုနာမြို့နှင့် အခြားကက်တလန်မြို့များတွင် ဆန္ဒပြသူ ထောင်ပေါင်းများစွာက လွတ်လပ်ရေး ဆန္ဒခံယူပွဲအား ရဲက ဖြိုခွင်းခြင်းကို ကန့်ကွက်ကာ အောက်တိုဘာ ၂ ရက်က စုရုံးဆန္ဒပြကြသည်။

“ဒီလို ဖြိုခွင်းမှုမျိုးက ဖရန်ကိုလက်ထက်က စံနှုန်းအတိုင်းပဲ။”ဟု လူအုပ်က ကြွေးကြော်ကြကာ လမ်းများတစ်လျှောက် ချီတန်းလှည့်လည်ကြသည်။ ကက်တလန်ဘာသာစကားနှင့် ယဉ်ကျေးမှုကို ဖိနှိပ်ခဲ့သော ၁၉၃၉ - ၇၅ အတွင်း အုပ်ချုပ်ခဲ့သူ အာဏာရှင် ဖရန့်စစ်ကိုဖရန်ကိုကို ရည်ညွန်းကာ ဆန္ဒပြသူများက ထိုကဲ့သို့ ကြွေးကြော်ကြခြင်း ဖြစ်သည်။

ကက်တလန်လူမျိုးစုများ၏ ကတ်တာလိုနီးယားဒေသ မြို့တော် ဘာစီလိုနာတွင် ဆန္ဒပြလူအင်အားသည် တစ်သောင်းခွဲနီးပါး ရှိကြောင်း မြို့တော်ရဲတပ်ဖွဲ့က ပြောသည်။

၎င်းကက်တလန်ဒေသခံများက အပြာ၊ အနီနှင့် အဝါရောင် ကက်တလန်လွတ်လပ်ရေးအလံကို ဝှေ့ယမ်းကြပြီး ဒီမိုကရေစီ ပိုမိုရရှိရေး တောင်းဆိုကြသည်။

အောက်တိုဘာ ၁ ရက်က ဒေသတွင်း မြို့များတွင် ထားရှိသော လွတ်လပ်ရေးဆန္ဒခံယူပွဲ မဲရုံများကို အဓိကရုဏ်း နှိမ်နင်းရေးရဲတပ်ဖွဲ့က ဖွဲ့စည်းပုံဥပဒေနှင့် မညီညွတ်ဟု စပိန်တရားရုံးများ ဆုံးဖြတ်ချက်အရ ဖယ်ရှားခဲ့သည်။ တစ်ချို့နေရာများတွင် လူအုပ်ကို လူစုခွဲရန် ရော်ဘာကျည်များ၊ ရေအမြောက်များဖြင့် ဖြိုခွင်းခဲ့ခြင်း ဖြစ်သည်။

ဒဏ်ရာရသဖြင့် လူလေးဦး ဆေးရုံတင်ပို့ရပြီး အသက် ၇၀ အဘိုးအိုတစ်ဦး နှလုံးထိတ်လန့်ကာ အခြားတစ်ဦးက မျက်စိကို ထိခိုက်ပြီး အခြေအနေစိုးရိမ်ရသည်။

ထိုသို့ မဲရုံးများကို ရဲတပ်ဖွဲ့၏ ပိတ်ဆို့တားဆီးမှုများ ရှိနေလင့်စကား ပြည်သူ နှစ်သန်းကျော် မဲပေးခဲ့ကြသည်။ မဲရလဒ်တွင် လွတ်လပ်ရေးကို ထောက်ခံမဲပေးသူ ၉၀ ရာခိုင်နှုန်း ရှိကြောင်း ကက်တလန်အစိုးရက ပြောသော်လည်း တရားဝင်ရလဒ်ကို ထုတ်ပြန်သေးခြင်း မရှိပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags