ကျောင်းသား/သူများအား ရိုက်နှက်ဆုံးမခြင်းမပြုရန် ၀န်ကြီးဌာနမှ ညွှန်ကြားထားသော်လည်း ဆက်ဖြစ်ပွားနေ

ကျောင်းသား/သူများအား ရိုက်နှက်ဆုံးမခြင်းမပြုရန် ၀န်ကြီးဌာနမှ ညွှန်ကြားထားသော်လည်း ဆက်ဖြစ်ပွားနေ
ဓာတ်ပုံ - ဦးကြည်စိုး

ရန်ကုန်၊ အောက်တိုဘာလ ၁ ။            ။ ဆရာ/ဆရာမများအနေဖြင့်  ကျောင်းသားများအား ရိုက်နှက်ဆုံးမခြင်း မပြုရန် ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသော်လည်း ရိုက်နှက်ဆုံးမမှုများ ဆက်လက် ဖြစ်ပွားနေကြောင်း တွေ့ရသည်။

စက်တင်ဘာလ ၂၉ ရက် နေ့က စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ငါးလူးတုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းမှ ၅ တန်းကျောင်းသားနှစ်ဦးကို ရန်ဖြစ်၍ဟုဆိုကာ မူလတန်းပြဆရာ ဦးစိုးဇော်ဆိုသူက သစ်သားချောင်းဖြင့် အချက် ၅ဝ ခန့်စီရိုက်နှက်ဆုံးမမှုဖြစ်ပွားခဲ့သည်။

စက်တင်ဘာလ ၂၄ ရက်နေ့ နေ့စွဲဖြင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ များအား သွန်သင်ဆုံးမရာတွင် ကာယိန္ဒြေပျက်ပြားစေမည့် အပြုအမူများ မပြုလုပ်ရန်၊ မည်သည့်တုတ်ဖြင့် လည်းကောင်း၊ လက်ဖြင့်လည်းကောင်း၊ အခြားတစ်စုံတစ်ရာဖြင့်လည်းကောင်း ရိုက်နှက်ဆုံးမခြင်းမပြုရန် စသည့်အချက်များကို ကြေညာချက်တွင် ထည့်သွင်းထုတ်ပြန်ခဲ့သည်။

“ကျောင်းသားတွေကို မရိုက်ရဘူးဆိုပြီးမှ ဝန်ကြီးဌာနကလည်း စာထွက်ထားတယ်လေ။ ရိုက်နှက်ခြင်း မပြုရ ဆိုတဲ့ ညွှန်ကြားချက်တွေကိုလည်း သူတို့ကို ဖြန့်ဝေပြီးသား။ ဒီလိုရိုက်တာတွေက ခေတ်စနစ်နဲ့ မလျော်ညီ တော့ဘူး။ ပြောဆိုဆုံးမတဲ့ နည်းအဆင့်ဆင့်ကို သုံးသင့်တာပေါ့”ဟု ကသာမြို့နယ်၊ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးညီညီထွန်းက ပြောသည်။

စက်တင်ဘာလ ၂၁ ရက်နေ့က တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကူးတို့ဆိပ် ကျောင်း၊ ဒုတိယတန်းတွင် ကျောင်းသူ၊ ကျောင်းသားလေးများအား စာကျက်မလာ၍ဆိုကာ ဆရာမက စာသင် ခန်းရှေ့တွင် ဘောင်း ဘီချွတ်အပြစ်ပေးခဲ့မှု ဖြစ်ပွားခဲ့ပြီးနောက် အခြေခံပညာဦးစီးဌာနမှ အဆိုပါ ကြေညာချက်ထုတ် တားမြစ်လိုက်ခြင်း ဖြစ်သည်။

ကျောင်းသူ၊ ကျောင်းသားများအား ဘောင်းဘီချွတ်အပြစ်ပေးခဲ့သော ဆရာမကိုလည်း တောင်ငူခရိုင် ပညာရေး မှူး ဦးဆောင်ပြီး ဘုတ်အဖွဲ့ ဖွဲ့ကာ စက်တင်ဘာလ ၂၃ ရက်မှ စတင်ကာ စစ်ဆေးခဲ့ပြီး ကနဦးအဆင့် အနေဖြင့် ဆရာမကို စာသင်ကြားမှု ရပ်ဆိုင်းထားသည်။

ကျောင်းသားများအား ရိုက်နှက်ဆုံးမခဲ့သည့် မူလတန်းပြဆရာကိုလည်း မြို့နယ်ပညာရေးမှူးမှ အောက် တိုဘာလ ၂ ရက်နေ့တွင် သွားရောက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ဆရာ၊ ဆရာများအနေဖြင့် ကျောင်းသားများအား ရိုက်နှက်ဆုံးမခြင်းမပြုရန် စက်တင်ဘာလ ၂၄ ရက်နေ့က ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ အဆင့်ဆင့်ညွှန်ကြား ထားမှုများရှိသော်လည်း လက်ရှိချိန်ထိ ရိုက်နှက်ဆုံးမမှုများရှိနေသေးခြင်း ဖြစ်သည်။

ယခင်က ပညာသင် စာသင်ကျောင်းများတွင် ဆရာ၊ ဆရာမများက ရိုက်နှက်ဆုံးမမှုများ ရှိခဲ့သော်လည်း  ယခုအခါ ပညာရေးဝန်ကြီးဌာနမှ ကြေညာချက်ထုတ် တားမြစ်လိုက်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly