အမ်းတွင် ဆူပူအောင်လုပ်ရန် စည်းရုံးကြံစည်မှုအတွက် အရေးယူပေးရန် မကွေးတိုင်းအစိုးရလျှောက်ထား

အမ်းတွင် ဆူပူအောင်လုပ်ရန် စည်းရုံးကြံစည်မှုအတွက် အရေးယူပေးရန် မကွေးတိုင်းအစိုးရလျှောက်ထား
(ဓာတ်ပုံ-ဒေါင်းလူ)

 

ရခိုင်ပြည်နယ် အမ်းမြို့တွင် ဆူပူအုံကြွမှု ဖြစ်ပေါ်ရေး လှုံ့ဆော်ပေးရန် စည်းရုံးသူရှိသည်ဟူသော ကိစ္စနှင့် ပတ်သက်၍ အသက် ၆၀ ရှိ အမျိုးသား တစ်ဦးကို ဥပဒေနှင့်အညီ အရေးယူပေးနိုင်ရန် တိုင်းအစိုးရက စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက မကွေးခရိုင်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သည်။

အဆိုပါ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းဆွေ၏ ဦးတိုက်လျှောက်ထားမှုကို မကွေးခရိုင် တရားရုံး တရားသူကြီး ဒေါ်မိမိစိန်က ရာဇသတ်ကြီး အမှုအမှတ် ၅၅/၂၀၁၇ ဖြင့်  လက်ခံခဲ့ကြောင်း တိုင်းဥပဒေချုပ် ဦးဆန်းလင်းက စက်တင်ဘာ ၃၀ ရက်နေ့က မဇ္ဈိမသို့ အတည်ပြု ပြောကြားသည်။

စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် တိုင်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက တရားလိုပြု၍ လျှောက်ထားခဲ့ကြောင်း၊ ဆူပူအုံကြွမှု ဖြစ်ပေါ်ရေး စည်းရုံးခဲ့သည်ဟူသော မကွေးမြို့မှ အသက် ၆၀ ခန့်ရှိ အမျိုးသားတစ်ဦးအား ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ရန် လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းလျှောက်ထားချက်တွင် စည်းရုံးခံရသူနှင့် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို အပါအဝင် သက်သေငါးဦး ထည့်သွင်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၆ရက်နေ့ ညနေ ၃နာရီခွဲခန့်က မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် ၎င်း၏ ရုံးခန်းသို့ သတင်းမီဒီယာများအား ဖိတ်ခေါ်ကာ ရခိုင်ပြည်နယ် အမ်းမြို့တွင် ဆူပူအုံကြွမှု ဖြစ်ပေါ်စေရေး လှုံ့ဆော်ပေးရန် မကွေးမြို့မှ အမျိုးသားတစ်ဦးကို ကျပ် ငါးသိန်း ပေးမည်ဟု စည်းရုံးသူ ရှိနေပြီး မကွေးတိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူများအား   ဆောင်ရွက်သင့်သည်များ ညွှန်ကြားပြီးဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ၁၂၄(က) တွင် မည်သူမဆို နုတ်ဖြင့်ဖြစ်စေ၊စာဖြင့်ဖြစ်စေ၊  အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဍာန်ဖြင့်ဖြစ်စေ၊ အခြားသော နည်းဖြင့်ဖြစ်စေ   ပြည်ထောင်စုအတွက်၊ သို့တည်းမဟုတ် ပြည်ထောင်စုအဖွဲ့ဝင်များအတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို မုန်းထားအောင်သော်လည်းကောင်း၊ မလေးစားအောင်   သော်လည်းကောင်း ပြုလျင်၊ သို့တည်းမဟုတ် ထိုသို့ပြုရန် အားထုတ်လျင် သို့တည်းမဟုတ် မေတ္တာပျက်အောင် လံှု့ဆော်လျင်၊ သို့တည်းမဟုတ် ထိုသို့လှုံ့ဆော်ရန် အားထုတ်လျင်၊ ထိုသူကို ငွေဒဏ်နှင်တကွ တစ်သက်ကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့် တစ်သက်ကျွန်းအောက် လျော့သည့် တစ်ကျွန်းဒဏ်ဖြစ်စေ၊ငွေဒဏ်နှင့်တကွ သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ထိုသူကို ချမှတ်ရမည်လို့ ပြဌာန်းထားကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly