ကဘူးလ်က အသေခံဗုံးခွဲမှုတွင် ငါးဦးသေဆုံးပြီး ၃၀ ဒဏ်ရာရ

ကဘူးလ်က အသေခံဗုံးခွဲမှုတွင် ငါးဦးသေဆုံးပြီး ၃၀ ဒဏ်ရာရ

 

ကဘူးလ်၊ စက်တင်ဘာ ၃၀ ။                  ။ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် အသေခံဗုံးခွဲမှု တစ်ရပ်ဖြစ်ပွားရာ လူငါးဦးသေဆုံးပြီး ၃၀ ဒဏ်ရာရကြောင်း   ပြည်ထဲရေးဝန်ကြီးဌာနနှင့်   ဆေးရုံသတင်းရင်းမြစ်များက စက်တင်ဘာ ၂၉ ရက်တွင် ပြောသည်။

လမ်းတစ်လမ်းပေါ် ဗုံးခွဲသူက ၎င်း၏ အသေခံဗုံးခါးပတ်ကို ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အရေးပေါ်ဌာနကို လူ ၃၅ ဦး လာရောက်ပို့တယ်။ ဒီမှာ ငါးဦးက သေနေပြီ။ ကျန် ၃၀ မှာလည်း ဒဏ်ရာတွေ ရထားတာ ဖြစ်တယ်။”ဟု အရေးပေါ်ဆေးရုံ ညှိနှိုင်းရေးမှူး ဂျီအော်ဂျီယာက EFE သတင်းဌာနသို့ ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူ နာဂျစ်ဒန်နစ်က လူငါးဦး သေဆုံးကြောင်းကို သတင်းဌာနသို့ အတည်ပြုသည်။

မြို့တွင်းက ရှီးယိုက်ဗလီသို့ သွားရာလမ်းတွင် ယင်းဖောက်ခွဲရေးသမားအား လုံခြုံရေးတပ်ဖွဲ့များ သတိထားသံယရှိလာစဉ် ၎င်းက ဗုံးခါးပတ်ကို ဖောက်ခွဲပစ်လိုက်ခြင်း ဖြစ်ကြောင်း ဒန်နစ်က ဆိုသည်။

ဖြစ်ပွားရာ ပတ်ဝန်းကျင်နယ်မြေတွင် အခြားသံသယရှိသူ သုံးဦးကို ဖမ်းဆီးထားကြောင်း ၎င်းက ဖြည့်စွက်ဆိုသည်။

စက်တင်ဘာ ၂၈ ရက်ကလည်း ရဲကားတစ်စီးက ဗုံးတစ်လုံးပေါက်ကွဲရာတွင် လူလေးဦး သေဆုံးခဲ့ပြီး ၂၀ က ဒဏ်ရာရခဲ့သည်။

ယင်းမတိုင်ခင် ရက်က အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းမတ်တစ်နှင့် နေတိုးအတွင်းရေးမှူးချုပ် စတောတန်ဘတ်တို့ ကဘူးလ်သို့ ရောက်ရှိနေခြင်းဖြစ်သည်။ ထိုအချိန်အတွင်း မြို့တော်က လေဆိပ်ကို ဒုံးကျည်များဖြင့် တိုက်ခိုက်မှု ဖြစ်ပွားပြီး တာလီဘန်နှင့် အိုင်အက်စ်တို့က ၎င်းတို့ ကျူးလွန်ခြင်း ဖြစ်ကြောင်း ကြေညာသည်။

အာဖဂန် ပြန်လည်တည်ဆောက်ရေးဆိုင်ရာ အမေရိကန်အထူးစစ်ဆေးရေးမှူးချုပ်၏ ပြီးခဲ့သည့်လက နောက်ဆုံး အစီရင်ခံစာတွင် နိုင်ငံအတွင်း နယ်မြေ ၆၀ ရာခိုင်နှုန်းအောက်သာ အစိုးရက ထိန်းချုပ်နိုင်ပြီး အာဖဂန်စစ်ပွဲက တိုးတက်မှု ဆုတ်ယုတ်နေကြောင်း ဖော်ပြထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly