ရန်ကုန် ၊ စက်တင်ဘာ ၂၉ ။ ။ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲရလဒ်များကို အပြန်အလှန်ကန့်ကွက်လွှာတင်ခဲ့ကြသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့၏ ကန့်ကွက်လွှာ ၆ မှုတွင် NLD ပါတီက ၅ မှု ၊ ပြည်ခိုင်ဖြိုးပါတီက ၁ မှုစီ အသီးသီး အနိုင်ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
ယမန်နေ့ စက်တင်ဘာ ၂၈ ရက်နေ့က နောက်ဆုံးကျန်ရှိသည့် ကန့်ကွက်လွှာတစ်မှုကို ရွေးကောက်ပွဲ ကော်မရှင်မှ စစ်ဆေးပြီး အပြီးသတ်ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် ယခုလိုအချက်အလက်များ တွက်ချက်ရရှိခြင်း လည်းဖြစ်သည်။
အဆိုပါအမှုသည် ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာဝင်းမြင့်အောင်က ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သည့် NLD ပါတီမှ ဦးညွှန့်အောင်ကို တိုင်ကြားသည့်အမှုဖြစ်ပြီး ကန့်ကွက်လွှာလျှောက်ထားသူ ဒေါက်တာဝင်းမြင့်အောင်၏ လျှောက်ထားမှုကို ပလပ်ပြီး NLD ပါတီမှ ဦးညွှန့်အောင်အနိုင်ရရှိကြောင်း ကော်မရှင်က ဆုံးဖြတ်ချက်ချခဲ့သည်။
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ ကန့်ကွက်လွှာ တင်သွင်းမှု စုစုပေါင်း ၆ မှုရှိပြီး စစ်ဆေးမှုကို ဇွန်လ ၁၂ ရက်နေ့က စတင်စစ်ဆေးခဲ့ပြီး စစ်ဆေးချိန် ၃လကျော်ခန့် ကြာမြင့်ကာ စစ်ဆေးရန် ခုံရုံးအဖွဲ့ ၂ ဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ကြောင်း စာရင်းဇယားများအရ သိရသည်။
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့ပြီး လစ်လပ်နေရာ ၁၉ နေရာ အား မြို့နယ် ၂၂ မြို့နယ်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။