YBS ဘတ်စ်ကားစီးရေ ၁၅ဝ တွင် အလိုအလျောက်ကားမှတ်တိုင် ကြေညာပေးသည့်စနစ် စတင်တပ်ဆင်

YBS ဘတ်စ်ကားစီးရေ ၁၅ဝ တွင် အလိုအလျောက်ကားမှတ်တိုင် ကြေညာပေးသည့်စနစ် စတင်တပ်ဆင်

 

ရန်ကုန်၊ စက်တင်ဘာလ ၂၉ ။              ။ YUPT ကုမ္ပဏီပိုင် YBS ဘတ်စ်ကားစီးရေ ၁၅ဝ တွင် အလိုအလျောက်ကားမှတ်တိုင် ကြေညာပေးသည့်စနစ်ကို စတင်တပ်ဆင်နေပြီဖြစ်ကြောင်း YUPT ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဦးမောင်မောင်လွင်က မဇ္ဈိမသို့ အတည်ပြုပြောသည်။

ထိုသို့ ဘတ်စ်ကားစီးရေ ၁၅ဝတွင် အလိုအလျောက်ကား မှတ်တိုင်ကြေညာပေးသည့်စနစ်များ တပ်ဆင်နိုင် ရန်အတွက် နည်းပညာဆိုင်ရာပစ္စည်းများ  စက်တင်ဘာလ ၂၈ ရက်နေ့တွင်   ရောက်ရှိခဲ့ခြင်းဖြစ်သည်။

အလိုအလျောက် မှတ်တိုင်ကြေညာပေးသည့်စနစ်ကို LED စာတမ်းအပါအဝင် အသံစနစ်များထည့်သွင်းကာ GPS ဖြင့် ချိတ်ဆက်ထားခြင်းဖြစ်ပြီး  ဘတ်စ်ကားအတွင်း ယာဉ်မောင်းနောက်ကျောတွင် ၂၂ လက်မ တီဗွီတစ်လုံးနှင့် ခရီးသည်အဆင်းတံခါးပေါက်အနီးတွင် တစ်လုံးတပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တပ်ဆင်ထားသော အလိုအလျောက်မှတ်တိုင်များ ကြေညာပေးသည့်စနစ်တွင် ရောက်ရှိမည့် ကား မှတ်တိုင်အမည်အား ကြိုတင် ကြေညာပေးမည်ဖြစ်သည်။ ထို့အပြင် တံခါးအဖွင့်၊ အပိတ်ကြေညာသံများကိုလည်း ထည့်သွင်း ထားသည်။

 “ ပစ္စည်းတွေက အစီး ၁၅ဝ စာရောက်ပြီ။ လောလောဆယ်မှာ ၇ လိုင်းမှာ ဘတ်စ်ကား ၅ စီးကို စမ်းသပ်ပြေးဆွဲ ထားပြီးပါပြီ။ စမ်းသပ်ပြေးဆွဲထားတော့ ကျွန်တော်တို့က ကားမှတ်တိုင်တွေကို GPS နဲ့ပေါ့ လတ္တီကျူ၊ လောင်တီကျူနဲ့ချိန်ပြီးတော့ မှတ်တိုင်ရောက်တဲ့နေရာ မရောက်ခင်မှာ မှတ်တိုင်ကြေညာတဲ့ မိန်းကလေး အသံထွက်လာမယ်။ နောက်ပြီး တီဗွီမျက်နှာပြင်မှာလည်း LED စာတမ်းတွေပေါ်လာမယ်။ အခု ပစ္စည်းတွေလည်း ရောက် နေပြီ ဆိုတော့တပ်ဆင်ဖို့ စီစဉ် ဆောင်ရွက်နေပြီ။ ဆော့ဝဲလ်တွေက ထည့်ထားပြီးသား။ တပ်ရင်းနဲ့ အားလုံးချိတ်ဆက် သွားမှာပေါ့”ဟု ဦးမောင်မောင်လွင်က ပြောသည်။

ထိုသို့ အလိုအလျောက်ကားမှတ်တိုင် ကြေညာပေးသည့်စနစ်များတပ်ဆင်ရာတွင် Wifi စနစ်များ တပ်ဆင်ထား သည့် သင်္ကန်းကျွန်းကားကြီးဂိတ်မှ ဆူးလေထိ ပြေးဆွဲသော ဝါစိမ်းနီ ၇၊ ဒဂုံတက္ကသိုလ်မှ ဒညင်းကုန်းထိ ပြေးဆွဲ နေသော ဝါစိမ်းနီ ၁၅ ယာဉ်၊ ဒဂုံမြောက်ပိုင်းမှ ဗိုလ်တစ်ထောင်ဘုရားထိ ပြေးဆွဲနေသော ဝါစိမ်းနီ ၂၄၊ ဒဂုံတက္က သိုလ်မှ ဗိုလ်တစ်ထောင်ဘုရားထိ ပြေးဆွဲနေသော YBS ၂၆ နှင့် ရွှေပေါက္ကံမှ ဆူးလေအထိ ပြေးဆွဲနေသော ဝါစိမ်းနီ ၃၆ ယာဉ်လိုင်းတို့တွင် အဓိက တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly