တူးဖော်တွေ့ရှိရသော ဟိန္ဒူဘာသာဝင် ရုပ်အလောင်းများအား သဂြိုလ်ပြီးစီး

တူးဖော်တွေ့ရှိရသော ဟိန္ဒူဘာသာဝင် ရုပ်အလောင်းများအား သဂြိုလ်ပြီးစီး
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

စစ်တွေ၊ စက်တင်ဘာ ၂၈ ။           ။ တူးဖော်တွေ့ရှိရသော ဟိန္ဒူဘာသာဝင် ရုပ်အလောင်းများအား ယနေ့ စက်တင်ဘာလ ၂၈ ရက်တွင် ဟိန္ဒူဘာသာထုံးစံအရ သဂြိုလ်ပြီးစီးခဲ့ကြောင်း ဟိန္ဒူဘာသာရေးခေါင်းဆောင် ဦးနီမာရ်က မဇ္ဈိမသို့ ပြောသည်။

“ သဂြိုလ်လိုက်ပြီးပြီ။ ဟုတ်တယ်။ အဲဒီ ၄၅ လောင်းပဲ။ အခင်းဖြစ်တဲ့နေရာမှာပဲ သဂြိုလ်လိုက်တာပါ” ဟု  ဦးနီမာရ်က ပြောသည်။

စက်တင်ဘာ ၂၄ ရက်နေ့တွင် ဟိန္ဒူဘာသာဝင်များကို မြုပ်နှံထားသည့် မြေကျင်းနှစ်ကျင်း တွေ့ရှိခဲ့ပြီးနောက် အမျိုးသမီးအလောင်း၊ ကလေးအလောင်းများ ပါသော အလောင်း ၂၈ လောင်း၊ စက်တင်ဘာလ ၂၅ ရက် မွန်းလွဲပိုင်းအထိ ဟိန္ဒူဘာသာဝင် အမျိုးသားအလောင်း ၁၇ လောင်းကို ထပ်မံတူးဖော်ရရှိထားခဲ့သော ရုပ်အလောင်းများ ဖြစ်သည်။

အစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် "သြဂုတ်လ ၂၅ ရက်နေ့က ARSA အစွန်းရောက် အကြမ်းဖက်သမား ၃၀၀ ခန့်သည် ရဲဘော်ကျကျေးရွာရှိ အမျိုးသား၊ အမျိုးသမီး ၁၀၀ ဦးခန့်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း။ ရွာ၏အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် အမျိုးသား၊ အမျိုးသမီးများအား သတ်ဖြတ်ကာ အမျိုးသမီး ၈ ဦးအား အစ္စလာမ် ဘာသာသို့ ဝင်ခိုင်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း" ဖော်ပြခဲ့သည်။

အစိုးရမှ ပျောက်ဆုံးသူ ဟိန္ဒူဘာသာဝင် ၉၃ ဦးရှိသည်ဟု ထုတ်ပြန်ထားပြီး တူးဖော်ရှာဖွေမှုများ ဆက်လက် ပြုလုပ်နေဆဲဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက်က ပြည်တွင်းပြည်ပ သတင်းမီဒီယာများ ယင်းနေရာသို့ လာရောက်သတင်းရယူခဲ့ကြသည်။

ယနေ့တွင်လည်း နိုင်ငံတကာသံတမန်များ အဆိုပါနေရာသို့ လာရောက်ရန် စီစဉ်ထားသော်လည်း ရာသီဥတုဆိုးရွားမှုကြောင့် မလာရောက်ဖြစ်ခဲ့တော့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly