နယူးဒေလီ၊ စက်တင်ဘာ ၂၇ ။ ။ မြန်မာနိုင်ငံနယ်စပ် အိန္ဒိယဘက်ခြမ်းမှာ စက်တင်ဘာ ၂၇ ရက်က အိန္ဒိယအစိုးရစစ်တပ်နဲ့ သောင်းကျန်းသူ သူပုန်တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး သူပုန်အများအပြား သေဆုံးသွားခဲ့တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
မြန်မာနယ်စပ် အိန္ဒိယဘက်ခြမ်းမှာ စစ်သွေးကြွတွေကို ထိုးစစ်ဆင်ခဲ့ရာမှာတော့ ယခုလို အသေအပျောက်များခဲ့တာဖြစ်ကြောင်း အိန္ဒိယစစ်တပ်က ထုတ်ပြန်ပြောကြားပါတယ်။
" အိန္ဒိယစစ်တပ်ရဲ့ စစ်ကြောင်းတစ်ခု အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် လုံခြုံရေးဆောင်ရွက်နေစဉ်အတွင်း စပြီး ပစ်ခတ်ခံရတာဖြစ်ပါတယ်" ဆိုပြီး ယင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ယင်းနောက် အိန္ဒိယစစ်သားတွေက ပြန်လည်တုန့်ပြန်ပစ်ခတ်ခဲ့လို့ စစ်သွေးကြွအများအပြား သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ယခုဖြစ်စဉ်မှာ အိန္ဒိယစစ်တပ်ဘက်က အကျအဆုံးမရှိခဲ့ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ယခု ထိတွေ့တိုက်ပွဲဖြစ်ခဲ့တဲ့ သောင်းကျန်းသူတွေကတော့ အိန္ဒိယနိုင်ငံအတွင်းက အစွန်းရောက် နာဂသူပုန်အုပ်စုတစ်စု ဖြစ်တဲ့ NSCN-Khaplang က ဖြစ်တယ်လို့လည်း အိန္ဒိယစစ်တပ်က ထုတ်ပြန်သွားပါတယ်။